Monday, June 17, 2019

၂၀၁၉ ခုနှစ် ကမ္ဘာ့ သွေးလှူရှင်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ





Image may contain: one or more people and indoor
ရန်ကုန် ဇွန် ၁၆



ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့ နံနက်ပိုင်းတွင် အမျိုးသား သွေးဌာန ရန်ကုန်သို့ သွားရောက်၍ သွေးလှူရှင်များ လှူဒါန်းသည့် သွေးများ ကို စနစ်တကျ လက်ခံခြင်း၊ စစ်ဆေးခြင်း၊ ထိန်းသိမ်းထားသိုခြင်း၊ မှတ်တမ်းထား ရှိခြင်းနှင့် ဆေးရုံများသို့ ဖြန့်ဖြူး ဆောင်ရွက်နေမှုများ၊ ခေတ်မီ ကွန်ပျူတာ စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အမျိုးသား သွေးဌာန) ဒေါက်တာ သီတာအောင်နှင့် ဂျပန်နိုင်ငံမှ စေတနာ့ဝန်ထမ်း IT ပညာရှင် Mr. Hiro Konishi တို့က အမျိုးသားသွေးဌာနတွင် လုပ်ငန်း ဆောင်ရွက်နေမှုများ၊ ကွန်ပျူတာ မှတ်တမ်းစနစ် အချက်အလက် ဆန်းစစ် သုံးသပ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ သွေး လှူရှင်များနေ့ အထိမ်းအမှတ်အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယနေ့ အခမ်းအနားသည် မွန်မြတ်သော စိတ်ဓာတ် စေတနာကောင်း များ ပိုင်ဆိုင်သည့် သွေးလှူရှင်များအား ဂုဏ်ပြုရန်၊ စေတနာ သွေးလှူရှင်များ ပိုမိုတိုးပွားလာစေရန်နှင့် သွေးလိုအပ်ချက် ကို ရာနှုန်းပြည့် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါကြောင်း၊ ၂၀၀၅ ခုနှစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ညီလာခံတွင် သွေးအုပ်စုစနစ်ကို ရှာဖွေ တွေ့ရှိခဲ့သည့် သိပ္ပံပညာရှင်၏ မွေးနေ့ ဖြစ်သော နှစ်စဉ်ဇွန်လ ၁၄ ရက်နေ့ ကို ကမ္ဘာ့ သွေးလှူရှင်များနေ့အဖြစ် သဘောတူ သတ်မှတ်ပေးခဲ့ပါကြောင်း။
အလေးထားဆောင်ရွက်
ယခုနှစ် ကမ္ဘာ့ သွေးလှူရှင်များနေ့၏ ''သန့်စင်သောသွေး လူသားအားလုံး ရရှိရေး (safe blood for all)'' ဖြစ်ပြီး ပြည်သူများအနေဖြင့် စိတ်ချရသော သွေးသန့်များ ရရှိစေရေး အလေးထား ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ထား ခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေ ဖြင့် နိုင်ငံတစ်ဝန်းရှိ သွေးဌာနများအတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ငွေကျပ်ကျပ် ၂ ဒသမ ၉၄ ဘီလီယံကို သွေးလှူဒါန်းမှု ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဝယ်ယူပေးခဲ့ပါကြောင်း။
အမျိုးသားသွေးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံ ၁၄ ရုံ အတွက် လိုအပ်သော သွေးသန့်များကို အပြည့်အဝပေးအပ်နိုင်ပြီး အခြားဆေးရုံ များအတွက်လည်း ပေးအပ်လျက်ရှိပါ ကြောင်း၊ စာရင်းဇယားများအရ မြန်မာ နိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း သွေး ယူနစ်ပေါင်း ၄၃၈၀၀၀ ကျော် အသုံးပြု ခဲ့ပြီး အဆိုပါ သွေးယူနစ်များတွင် စေတနာသွေးလှူရှင်များ၏ လှူဒါန်းမှုမှာ ၇၂ ရာခိုင်နှုန်း ရှိပါကြောင်း၊ အဆိုပါ သွေးယူနစ်များ၏ ၃၂ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြု ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ ဂုဏ်ပြု သဝဏ်လွှာကို ဖတ်ကြားပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အမျိုးသား သွေးဌာန) ဒေါက်တာသီတာအောင် က အမျိုးသားသွေးဌာန၏ လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဉ် များကို ရှင်းလင်းတင်ပြသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း စဉ်ဆက်မပြတ် (၂၇) ကြိမ်မြောက် သွေးလှူဒါန်းသော စေတနာသွေးလှူရှင် ၃၃ ဦးရှိသည့်အနက် တက်ရောက်လာ သည့် ၁၁ ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနသို့ သွားရောက်၍ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများ အတွက် ဗဟိုကျန်းမာရေးဓာတ်ခွဲခန်း(central health laboratory) အဖြစ် ယခုနှစ် ဇွန်လဆန်းမှ စတင်ဆောင်ရွက် နေမှုများကို ကြည့်ရှု၍ လိုအပ်သည်များ စီစဉ်ဖြည့်ဆည်းပေးခဲ့ပြီး ဓာတ်ခွဲခန်းများ၊ စက်ပစ္စည်းကိရိယာများ၊ သင်တန်းခန်းမ များနှင့် ဇီ၀လုံခြုံမှု အဆင့်မြင့် ဓာတ်ခွဲခန်း(high security laboratory - BLS 3) တည်ဆောက်ရန် မြေနေရာတို့ကို လှည့်လည်ကြည့်ရှုသည်။
အထွေထွေကိစ္စရပ်များ တင်ပြ
ထို့နောက် ဒုတိယòန်ကြားရေး မှူးချုပ် (အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန) ပါမောက္ခဒေါက်တာ ဌေးဌေးတင်က ပြင်သစ်(AFD) ချေးငွေ ဖြင့် ဇီ၀လုံခြုံမှုအဆင့်မြင့် ဓာတ်ခွဲခန်း(high security laboratory - BLS 3) အသစ်တည်ဆောက်မည့် အစီအစဉ် များ၊ အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် GMS Health Security Project အဖြစ် ဆောင်ရွက်နေသော အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနအား နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိနိုင်စေရေး စီစဉ်ဆောင်ရွက် နေမှုများ၊ အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓာတ်ခွဲဌာနရှိ ဗဟိုကျန်းမာရေး ဓာတ်ခွဲ ခန်း၊ သွေးနှင့် မျိုးရိုးဗီဇဆိုင်ရာ ဓာတ်ခွဲ ခန်း၊ ကပ်ပါးဗေဒဌာနခွဲ၊ ဗိုင်းရပ်စ်ရောဂါ ဆိုင်ရာဌာနခွဲနှင့် မှိုရောဂါဆိုင်ရာ ဌာနခွဲ တို့တွင် လုပ်ငန်းဆောင်ရွက်နေမှုများ၊ သွေးနှင့် ကင်ဆာအမျိုးအစား ခွဲခြားခြင်း အထောက်အကူပြုနည်းပညာ ဆောင် ရွက်နေမှုများ၊ ဝန်ထမ်းရေးရာနှင့် အထွေထွေကိစ္စရပ်များကို တင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက ဓာတ်ခွဲအဖြေများသည် ဆရာဝန်များ၏ ရောဂါကုသမှုများ ထိရောက်မှုအတွက် များစွာအရေးကြီး သည့်အတွက် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ လိုအပ်ချက်များ ကို ပထမဦးစားပေး အစီအစဉ်ဖြင့် ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
သတင်းစဉ်

No comments:

Post a Comment