Sunday, June 16, 2019

ကော့မှူးမြို့နယ်၌ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲနှင့် ကျောင်းဆောင်သစ်ပေးအပ်လှူဒါန်းပွဲ ကျင်းပ



Image may contain: one or more people, indoor and outdoor
 
 
 
ရန်ကုန် ဇွန် ၁၅
 
 
 
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းများ၊ ဆရာ ဆရာမများ၊ ဂုဏ်ထူးရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ဆုရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုပွဲနှင့်National Infrastructure Holdings Co., Ltd.မှ လှူဒါန်းသည့် ကျောင်းဆောင်သစ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအထက်တန်း ကျောင်း (ကော့မှူး) မှ ကျောင်းသား ကျောင်းသူများက ''မြန်မာ့ကျောင်း'' သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာ၌ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၏ အောင်ချက် ရာခိုင်နှုန်းမှာ ၃၂ ဒသမ ၆၃ ရာခိုင်နှုန်း၊ ကော့မှူး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၂၃ ဒသမ ၇၇ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ ၈၅၁၅၂၄ ဦး ဖြစ်ပြီး အောင်မြင်သူ ၂၆၇၆၉၆ ဦး ဖြစ်သဖြင့် အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်း သူ ပြည်သူများအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း။
ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လို
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ရန်အတွက် အခြေခံကျသည့်အချက်များမှာ ကျောင်းသား ကျောင်းသူများ အနေဖြင့် ဘာသာတွဲရွေးချယ်မှု မှန်ကန်ရန်လိုပါကြောင်း၊ ဆရာ ဆရာမများ၏ အထူးပြုဘွဲ့နှင့် သင်ကြားပို့ချသည့် ဘာသာရပ် ကိုက်ညီပြီး ဘာသာရပ်အရည်အသွေးပြည့်၀၍ သင်ကြားသင်ယူ မှုနည်းလမ်းကောင်းမွန်ရန် အဓိကအရေးကြီးပါကြောင်း၊ မိဘ အုပ်ထိန်းသူ ပြည်သူများနှင့်ပူးပေါင်း၍ စနစ်တကျ သင်ယူ လေ့လာရန်နှင့် သက်ဆိုင်ရာတက္ကသိုလ်များမှ ပါမောက္ခများ၊ ဝါရင့်ဆရာ ဆရာမများနှင့်ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ ဟောပြောပို့ချခြင်းများ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
လူသားကောင်းများဖြစ်စေရန် လေ့ကျင့်ပေး
ဆရာ ဆရာမများ၊ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများ အနေဖြင့် ကျောင်းထွက်နှုန်းလျော့နည်းစေရေးနှင့် ကျောင်းသား ကျောင်းသူတိုင်း အထက်တန်းပညာ သင်ယူပြီးမြောက်စေရေး အလေးထား ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံ ပညာကျောင်းများတွင် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ကျောင်းသား ကျောင်းသူများအားလုံး စာရေးတတ်၊ စာဖတ်တတ်၊ အခြေခံသင်္ချာ တွက်ချက်တတ်ရန်အတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပြီး ကျောင်းသား ကျောင်းသူများကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်မှုရှိပြီး အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်း ဆောင်ရွက်တတ်သော လူသားကောင်းများဖြစ်စေရန် လေ့ကျင့်ပေးရန်လိုအပ်ပါကြောင်း၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်တတ်စေရန် ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း၊ လူငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးလိုသော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးစေလိုပါကြောင်း။
ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် စာသင်ခန်း၊ သန့်စင်ခန်းများ၊ ပရိဘောဂပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများ၊ စာအုပ်များ၊ အားကစားပစ္စည်းများ၊ သောက်သုံးရေ လိုအပ်ချက်များကို စနစ်တကျစာရင်းပြုစု တင်ပြကြစေလိုပါ ကြောင်းနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ရရှိသည့် ဘဏ္ဍာငွေအပေါ်မူတည်၍ နှစ်စဉ် ဦးစားပေးအစီအစဉ်အလိုက် ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြား သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ‘ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်တို့က အမှာစကားပြောကြားပြီး ပြည်သှူလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက ဂုဏ်ပြုပွဲကျင်းပရခြင်းအတွက် ဝမ်းသာပီတိ စကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းဆောင်သစ်လှူဒါန်းခဲ့ကြသည့် ကျောင်းအလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကော့မှူးမြို့နယ် အတွင်းရှိ ကျောင်းများအတွက် ဗလာစာအုပ်နှင့် ကျောပိုးအိတ် များအား ပေးအပ်လှူဒါန်းသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အောင်ချက် ရာခိုင်နှုန်း ပထမဆုရရှိသည့် အထက(ကျုံဒရယ်)၊ ဒုတိယဆု ရရှိသည့် အထက (ကညင်ငူ)၊ တတိယဆုရရှိသည့် အထက (ကျိုက်ထော်) ကျောင်းတို့အား ဂုဏ်ပြုဆုများချီးမြှင့်ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ဘာသာရပ်ထူးချွန်ဆုရရှိသည့် ဆရာ ဆရာမ ၂၄ ဦးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ပြီး ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (ညောင်ကုန်း) ကျောင်းဆောင်သစ် လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားကြသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာရေးကဏ္ဍ အကောင်အထည်ဖော် အောင်မြင်ရေး အတွက် ကဏ္ဍတစ်ရပ်ဖြစ်သည့် ကျောင်းနေအရွယ်ကလေးများ၊ လူငယ်များအခြေခံပညာကို လက်လှမ်းမီသင်ယူနိုင်ခွင့်ရရှိစေရေးအတွက် မသင်မနေရ အခမဲ့ပညာရေးစနစ်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးလူငယ်တိုင်း ကျောင်းအပ်နှံရေး အခွင့်အလမ်းများ တိုးတက်ရရှိစေရေး၊ ကျောင်းအပ်နှုန်းမြင့်မားစေရေးနှင့် ကျောင်းထွက်မှုနှုန်း လျော့ကျစေရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း။
ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့
နှစ်ပေါင်းများစွာ ပညာရေးကဏ္ဍတွင် အားနည်းနေခဲ့သဖြင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းနေနိုင်ရန် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများ၏ စုစည်းအင်အားဖြင့် ဆရာ ဆရာမများ၊ စာသင်ခန်းများ၊ စာသင်ခုံများ စသည်တို့ကို ကိုယ့်အားကိုယ်ကိုးဖြင့် ဆောင်ရွက်ခဲ့ရပါကြောင်း။
ပြည်သှူအစိုးရ တာဝန်ယူသည့်အချိန်မှစ၍ ကျောင်းအဆင့် တိုးမြှင့်ခြင်း၊ ဆရာ ဆရာမများခန့်ထားခြင်း၊ ကျောင်းစာသင်ခန်း များ၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းခြင်း၊ စာကြည့်တိုက်၊ အားကစား၊ သောက်ရေသုံးရေ၊ သန့်စင်ခန်းများ ဖြည့်ဆည်းပေးခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကို အားပေး မြှင့်တင်ခြင်း၊ KG + ၁၂ တန်း အခြေခံပညာရေး စနစ်နှင့် အခမဲ့ အခြေခံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စာသင်ဆောင်ပေါင်း ၄၅၁၂၉၊ မူလတန်းပြဆရာဦးရေ ၅၀၈၂၀၊ အလယ်တန်းပြဆရာဦးရေ ၂၂၃၃၁၊ အထက်တန်းပြဆရာဦးရေ ၁၁၃၅၀ တို့ လိုအပ်လျက်ရှိပါကြောင်း။
ထို့ကြောင့် နိုင်ငံတော်၏ ခွင့်ပြုဘဏ္ဍာငွေအရ ကျောင်းဆောင်များ၊ ဆရာများ ဖြည့်ဆည်းပေးနေသော်လည်း လိုအပ်ချက်များရှိနေသေးသဖြင့် အလှူရှင်များနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ လှူဒါန်းထောက်ပံ့မှုသည်လည်း အရေးကြီး ပါကြောင်း၊ ယနေ့ National Infrastructure Holdings Co., Ltd. မှ ပေ ၉၀ _ ၃၀ RC တစ်ထပ် ကျောင်းဆောင် လေးလုံး ဆောက်လုပ်လှူဒါန်းခြင်းသည် အစိုးရ၊ ပြည်သူနှင့် ပုဂ္ဂလိက ကဏ္ဍတို့၏ စုပေါင်းအင်အားဖြင့် လိုအပ်ချက်များကို ပူးပေါင်းဖြည့်ဆည်းခြင်းဖြစ်သဖြင့် ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းနှင့် အလှူရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
နိုင်ငံတကာနှင့် ရင်ပေါင်တန်းလာနိုင်မည်
ထို့နောက် မ္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က မုဒိတာစကားပြောကြားရာတွင် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ ကျောင်းဆောင်များ ပေးအပ်လှူဒါန်းခြင်းဖြင့် ကျောင်းသား ကျောင်းသူများ စိတ်ချလုံခြုံသည့် စာသင်ခန်းများ ဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍနှင့် သက်မွေးပညာကဏ္ဍများကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အကြောင်း အမျိုးမျိုးဖြင့် စာမသင်ကြားနိုင်သူများကို လူတိုင်းစာ တတ်မြောက်စေရန် ကျောင်းပြင်ပ ပညာရေးလုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူကလေး များသည် နိုင်ငံ၏အနာဂတ်များဖြစ်သည့်အတွက် ပညာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ ဆရာမများ၊ ကျောင်းသားမိဘများ၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန် စေတနာဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် အခြေခံပညာမူလတန်းလွန်ကျောင်း (ကျုံဖာ)၌ ကျင်းပ သည့် ကျောင်းဆောင်သစ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်

No comments:

Post a Comment