Sunday, June 16, 2019

ရှေးဦးအရွယ်ကလေးသူငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်ရေးနှင့် ဧရာ၀တီတိုင်းဒေသကြီးအတွင်း သဘာ၀ဘေး ကြိုတင်ကာကွယ်ရေးဆွေးနွေး




 
Image may contain: one or more people
ပုသိမ် ဇွန် ၁၅
 
 
 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ မြို့တော်ခန်းမ၌ လူမှုဝန်ထမ်းဦးစီးဌာန၏ မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြို ကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများနှင့် မိခင်ဝိုင်းများရှိ ကလေးငယ်များ၏ မိဘများ၊ အုပ်ထိန်းသူများအားတွေ့ဆုံ၍ ရှေးဦးအရွယ်ကလေးသူငယ် စနစ်တကျ ပြုစုစောင့်ရှောက်ရေး အရေးကြီးပုံကို ရှင်းလင်းပြောကြားသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ အတွက် လတ်တလောအကျိုးပြုလုပ်ငန်းသာမက ရေရှည်တွင်အကျိုးရှိမည့် လုပ်ငန်းများကို မူဝါဒများချမှတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးကို စနစ်တကျဆောင်ရွက်နိုင်မှသာ အနာဂတ် အတွက် အရည်အချင်းပြည့်၀သော လူသားအရင်းအမြစ်များ ပေါ်ထွက်လာမည်ဖြစ်ရာ ပူးပေါင်းဆောင်ရွက်ကြမည့် မိဘများ၊ မိသားစုဝင်များကိုဖိတ်ခေါ်၍ အသိပေးပြောကြား ခြင်းဖြစ်ကြောင်း၊ ကလေးငယ်များကို မွေးစမှ အသက် ရှစ်နှစ်အရွယ်ကို ရှေးဦးအရွယ် ကာလဟု သတ်မှတ်ပါကြောင်း၊ မွေးစမှ အသက် သုံးနှစ်အရွယ်သည် အလွန်အရေးကြီး ပါကြောင်း၊ ၎င်းအသက်အရွယ်အုပ်စုအတွင်း ကိုယ်ဝန်ဆောင်သည်မှ မွေးဖွားပြီး ကလေးအသက် နှစ်နှစ်အထိသည် ကလေး၏ ရက်ပေါင်း ၁၀၀၀ ကာလဖြစ်ပြီး ထိုကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးကာလဖြစ်ပါကြောင်း၊ ဤကာလ၌ မိဘများ၊ မိသားစုများက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး အသိမှန်ဖြင့် ပြုစုစောင့်ရှောက်ရန် အရေးကြီးပါကြောင်း။
ရေရှည်မျှော်မှန်းဆောင်ရွက်ပေး
လူမှုဝန်ထမ်းဦးစီးဌာနက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသောကလေး အသက် နှစ်နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့်အတူ အာဟာရပညာပေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပညာပေးနှင့် မိသားစုစီမံကိန်း ပညာပေးအစီအစဉ်များကို ဖွံ့ဖြိုးမှုအညွှန်းကိန်းများအရ ဦးစားပေးဒေသများအလိုက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အဆိုပါအစီအစဉ်သည် ဧရာ၀တီတိုင်းဒေသကြီးအတွင်း မကြာမီရောက်ရှိ လာတော့မည်ဖြစ်ကြောင်း၊ ပြည်သူများအားလုံး အဆိုပါ အသိများရရှိအောင် မိမိတို့ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကလေး ကျန်းမာပညာအဖွဲ့၊ ရန်ကုန်ကလေးဆေးရုံကြီးတို့ပူးပေါင်း၍ ကလေး သုံးနှစ်အရွယ်အထိ ပုံမှန်ဖွံ့ဖြိုးမှုရရန် ဆောင်ရွက်ရန် နည်းလမ်းများပါဝင်သည့် လက်ကမ်းစာစောင်များကို ဖြန့်ဝေသွားမည်ဖြစ်ပါကြောင်း၊ မိဘများ၊ အုပ်ထိန်းသူများနှင့် မိသားစုဝင်များက သေချာလေ့လာရန် လိုအပ်ပါကြောင်း၊ နည်းစနစ်မှန်ကန်သော ပြုစုစောင့်ရှောက်မှုများဖြင့်လည်း မိခင်ဝိုင်းများ၊ အစိုးရ မူကြိုများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများနှင့် ပုဂ္ဂလိကမူကြိုများ တိုးချဲ့ဖွင့်လှစ် လေကျင့် ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေး ဆရာဖြစ်သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်လျက်ရှိပါကြောင်းနှင့် ရှေးဦးအရွယ် ကလေးသူငယ်များအတွက် ဆောင်ရွက်ပေးခြင်းသည် အနာဂတ်နိုင်ငံ ဖွံ့ဖြိုးရေးအတွက် ရေရှည်မျှော်မှန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ သဘာ၀ဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ အစည်းများ၊ ဒေသခံများနှင့် တွေ့ဆုံသည်။
ကြိုတင်ကာကွယ်ရေး ထိထိရောက်ရောက်ဆောင်ရွက်
ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့ ရာသီဥတု ပြောင်းလဲလာခြင်းနှင့် အတူ သဘာ၀ဘေးဒဏ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများသည် ပိုမိုပြင်းထန်လာကြောင်း၊ ထို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပိုမိုထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လှူအသိုက်အဝန်း ဖြစ်ပေါ်စေရေး စသည့် မူဝါဒစနစ်သစ်များချမှတ်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ထိထိရောက်ရောက် ကြိုးပမ်းလျက်ရှိကြောင်း၊ ဘေးဖြစ်ပွားပါကလည်း အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ပါကြောင်း၊ ဘေးသင့်ဒေသများအတွက် အမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အမျိုးသား သဘာ၀ဘေးအ္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းထားပြီး လုပ်ငန်းကော်မတီ (၁၂)ခု ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာ အဆင့်ဆင့်တွင်လည်း အဆိုပါကော်မတီများ ဖွဲ့စည်းထားကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာ၀ဘေးကူညီကယ်ဆယ်ရေး ပရဟိတအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရပါကြောင်း၊ ယခုတက်ရောက်လာကြသော လူမှုအဖွဲ့အစည်များကလည်း ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ ဘက်စုံသုံး ဘေးဒဏ်ခံ အဆောက်အဦများကို သဘာ၀ဘေး အဖြစ်များသောဒေသများ၌ ဦးစားပေး ဆောက်လုပ်ပေးလျက်ရှိပါကြောင်းနှင့် သဘာ၀ဘေးစီမံခန့်ခွဲမှုသင်တန်းများလည်း ဖွင့်လှစ်ပေးထားပါကြောင်း၊ လူမှုအဖွဲ့အစည်းများအနေဖြင့် တက်ရောက်စေလိုပါကြောင်း ပြောကြားသည်။
ပြန်လည်ရှင်းလင်းဖြေကြား
ထို့နောက် ဧရာ၀တီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက တိုင်းဒေသကြီးအစိုးရ၏ သဘာ၀ဘေးစီမံခန့်ခွဲမှု ကြိုတင်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက ပုသိမ်မြို့ တစ်ဖက်ကမ်းရှိ ရပ်ကွက် မီးဘေး၊ အမှိုက်စွန့်ပစ်ရန်ခက်ခဲမှု၊ ရေစီးရေလာကောင်းမွန်ရေး၊ သဘာ၀ဘေးလျော့ပါးရေးသင်တန်းများ၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ပိုမိုဆောင်ရွက် နိုင်ရေး၊ ရပ်ကွက် ကျေးရွာ သဘာ၀ဘေးစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းများ လည်ပတ် နိုင်ရေး၊ သဘာ၀ဘေးများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးရေး၊ သက်ငယ်မုဒိမ်းမှုများတွင် လျင်မြန်စွာ ကူညီဆောင်ရွက်ပေးနိုင်ရေး၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပိုမိုပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊Maternal and Child Cash Transferဆောင်ရွက်ရာတွင် ထိရောက်စွာကူညီပံ့ပိုးဆောင်ရွက်နိုင်ရေး၊ အရေးပေါ် လူနာတင်ရေယာဉ် ဆောင်ရွက်ပေးနိုင်ရေးတို့ကို မေးမြန်းဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment