Friday, June 14, 2019

အဂတိလိုက်စားမှု၏ နောက်ဆက်တွဲ ပြဿနာများ

မြန်မာ့အလင်းအယ်ဒီတာအာဘော်

အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူများဖြင့် မတရားမှုပြုခြင်း တို့ကို ယခုအခါ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရပါသည်။ အဂတိနှင့် လာဘ်ပေး လာဘ်ယူပြဿနာသည် မြန်မာနိုင်ငံသာမက ကမ္ဘာ့ နိုင်ငံအသီးသီးလိုလို ကြုံတွေ့နေရသည့် ပြဿနာကြီးဖြစ်ပါသည်။
အဂတိက သာမန် ဥပဒေချိုးဖောက်သည်မျှမကပါ။ မြန်မာနိုင်ငံ အတွက် မည်မျှထိခိုက်ရသည်ကိုလည်းကောင်း၊ ပြည်သူလူထုတို့၏ဘ၀များကို မည်မျှလောက် ထိခိုက်နစ်နာသွားရသည် ဆိုခြင်းကို လည်းကောင်း သတိပြုသင့်လှပါသည်။


အဂတိသမားများ၏ မသမာမှုသည် နောက်ဆက်တွဲအဖြစ် မည်မျှ လောက် အကုသိုလ်ကြီးမားကာ နိုင်ငံနှင့် ပြည်သူလူထုကို မည်မျှလောက် နစ်နာစေသည်ဆိုခြင်းကို အလေးအနက်ထားရမည့် အခြေအနေဖြစ်ပါ သည်။ သတင်းများပေါ်ထွက်နေသည့် လူဝင်မှုကြီးကြပ်ရေးက လာဘ်ငွေ ယူကာ နိုင်ငံသားမဟုတ်သူများကို နိုင်ငံသားလက်မှတ်ထုတ်ပေးသည့် ကိစ္စမျိုး၊ အဖြူရောင်ကတ်ပြားများ ထုတ်ပေးသည့် ကိစ္စမျိုးဆိုလျှင် နိုင်ငံ တကာနယ်ပယ်အထိ ရှင်းမနိုင်လင်းမရ ဖြစ်လောက်အောင် အခြေအနေ များ ရှုပ်ထွေးသွားခဲ့သည်မှာ အထင်အရှားပါပင်။
အဂတိမကင်းသော ဆောင်ရွက်မှုများဖြင့် တရားစီရင်ရေးတွင် မမှန် မကန် ပြုလုပ်ခြင်းဖြင့် ပြည်သူတို့ တရားစီရင်ရေးကို ပြက်ရယ်ပြုခြင်း၊ တရားရေးမဏ္ဍိုင်ကို ယုံကြည်မှုနည်းပါးခြင်းတို့ ဖြစ်ပေါ်စေခြင်းတို့သည် ဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်တစ်ခုလုံးကို အကြီးအကျယ် ထိခိုက်စေသော နစ်နာမှုများပါပင်။


လာဘ်ယူပြီး ယာဉ်စည်းကမ်းကို ကျကျနန နားမလည်၊ ကားကို စနစ် တကျ မမောင်းတတ်သူကို ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းဖြင့် ယာဉ် တိုက်မှုများ၊ လူသေဆုံးရမှုများမှာ နိုင်ငံနှင့် ပြည်သူတို့အတွက် မည်မျှ လောက် နစ်နာခဲ့ရပြီနည်း။
အစားအသောက်နှင့် ဆေးဝါးများကို ကျကျနန မစစ်ဆေးဘဲ အဂတိ ဖြင့် စံမီလက်မှတ်ထုတ်ပေးခြင်းမျိုး၊ ဆေးဝါးအတုများ အစွမ်းမထက် မြက်သော ဆေးဝါးတို့ကို တင်သွင်းခြင်း၊ ရောင်းချခြင်း ပြုလုပ်မည်ဆိုပါက စားသုံးသူ ပြည်သူတို့အတွက် မည်မျှလောက် ထိခိုက်နစ်နာမည် ဆိုတာကို အလေးဂရုပြု စိစစ်သင့်ပြီ မဟုတ်ပါလော။
လာဘ်ပေး လာဘ်ယူနည်းဖြင့် မှောင်ခိုလမ်းက ပြည်ပနိုင်ငံသို့ ခိုး ထုတ်သစ်များ၊ ခိုးထုတ်တိရ္ဆာန်များကြောင့် တိုင်းပြည်မှာ မည်မျှ လောက် နစ်နာဆုံးရှုံးမှုများ ဖြစ်ခဲ့ရပြီးပြီနည်း။
လာဘ်ပေးလာဘ်ယူနည်းဖြင့် ခိုးဝင်လာသော မူးယစ်ဆေးဝါး မျိုးစုံတို့ကြောင့် မိမိတို့နိုင်ငံက လူငယ်လေးများ မည်မျှလောက် ပျက်စီး ဆုံးရှုံးခဲ့ရပြီနည်း။ မူးယစ်ဆေးဝါးလူငယ်များ၏ မိသားစုဝင်များ မည်မျှ လောက် ခံစားနေကြရပြီနည်း။
ဆောက်လုပ်ခွင့် ပေးရန်မသင့်သော အဆောက်အအုံများကို အဂတိ ဖြင့် ဆောက်လုပ်ခွင့်ပေးခဲ့ခြင်းကြောင့် နေသူများအတွက်ရော၊ ပတ်ဝန်း ကျင်အတွက်ရော၊ မြို့ပြအနာဂတ်အတွက်ပါ မည်မျှလောက်ထိခိုက် နစ်နာမှုများ ရှိနေပြီနည်း။


ဤသည်တို့က အချို့သော ဥပမာများသာဖြစ်ပါသည်။
အခွန်အခ တစိုးတစိမှမရဘဲ နိုင်ငံတွင်းမှ သယံဇာတများ ပြည်ပနိုင်ငံ များသို့ ရောက်ရှိကာ နစ်နာရသည်များ၊ လမ်းမများပေါ်က စည်းကမ်း မလိုက်နာ၍၊ လမ်းကြောမသိ၍၊ ကျင်လည်စွာ မမောင်းတတ်၍ ဖြစ်ပွားခဲ့ရ သော ယာဉ်မတော်တဆဖြစ်မှုများကြောင့် သေဆုံးခဲ့ရသော ဒဏ်ရာအနာ တရဖြစ်ခဲ့ရသောသူများ၊ ကိုယ့်ငွေဖြင့် ကိုယ်စားသောက်သုံးစွဲရင်း အတုအယောင် အစားအသောက်များ၊ အတုအယောင်ဆေးဝါးများကြောင့် ဘေးဥပဒ်ဖြစ်ခဲ့ သေဆုံးခဲ့ရသူများ၊ မတော်တဆမှုများ၊ မီးဘေးများကြောင့် မဖြစ်သင့်ဘဲ ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများ၊ မူးယစ်ဆေးဝါးနွံထဲနစ် ရင်း၊ ဒုစရိုက်လောကထဲ ဆင်းသက်ရရင်း ကွယ်လွန်ခဲ့ရ၊ ပျက်စီးခဲ့ရသော နိုင်ငံသားများ အစရှိသည့် ရေတွက်မကုန်နိုင်သော နစ်နာဆုံးရှုံးရမှုများ၏ ရင်းမြစ်ထဲတွင် အဂတိနှင့် လာဘ်ပေးလာဘ်ယူမှုတို့က မည်မျှလောက် နေရာယူထားသည်ကို သိသာနိုင်ပါသည်။


လာဘ်ပေး လာဘ်ယူမှုဆိုသည်က နိုင်ငံတိုးတက်ရေးသာမက နိုင်ငံသားများ၏ ဘ၀များ၊ လုံခြုံအေးချမ်းရေးမှုများနှင့်ပါ တိုက်ရိုက် ဆက်စပ် ပတ်သက်နေသည်ဖြစ်သောကြောင့် အဂတိလျော့ပါး ကင်းစင် ရေးကို အထူးအလေးအနက်ထားကာ ဆက်လက်အားထုတ်ဆောင်ရွက် နေကြရန် အလေးအနက်ပြု ထောက်ခံအားပေးလိုက်ရပါကြောင်း။ ။

No comments:

Post a Comment