
ဘုရားဖူးလာပြည်သူများနှင့် အနီးအနားဝန်းကျင်မှ ဒေသခံပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်ရန်အတွက် အရှင်အာနန္ဒာ စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်ဝင်း အတွင်း ကျင်းပသည်။
ရှေးဦးစွာ အရှင်အာနန္ဒာစာကြည့်တိုက် ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ အရှေ့ပိုင်းခရိုင် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်နု၊ ဆုတောင်းပြည့် မယ်လမုစေတီတော် ဂေါပကအဖွဲ့ နာယက ဦးမင်းနိုင်၊ ဥက္ကဋ္ဌ ဦးအုန်းမြင့်၊ အတွင်းရေးမှူးဦးသိန်းရှင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။
အခမ်းအနားတွင် စာရေးဆရာမ ဒေါ်သန်းမြင့် အောင်က မြန်မာနိုင်ငံတွင် စာပေဖတ်ရှုသူများလာ ခြင်းအားဖြင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ အဆင့်အတန်း မြင့်မားလာပါကြောင်း၊ စာကြည့်တိုက်တစ်တိုက် ဖွင့်လှစ်လိုက်နိုင်ခြင်းသည် ထောင်တံခါးတစ်ချပ် ပိတ်သွားသည်ဟု ပြောစမှတ်ပြုပါကြောင်း၊ အလိမ္မာ စာမှာရှိသည့်အတွက် လူကြီးများသာမက ကလေး သူငယ်များနှင့် လူငယ်များ စာပေဖတ်ရှုရန် လိုအပ်ပါ ကြောင်း၊ စာကြည့်တိုက်တွင် ကလေးငယ်များ ဖတ်ရှုနိုင် ရန်အတွက် ကလေးစာပေများလည်း ထည့်သွင်းထားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဆုတောင်းပြည့် မယ်လမုစေတီတော် ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းမြင့်၊ နာယက ဦးသိုက်ထွန်း နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်တို့က အမှာ စကားပြောကြားပြီး အရှင်အာနန္ဒာစာကြည့်တိုက် အတွင်း လှည့်လည်ကြည့်ရှုကြသည်။
စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ကူညီ ပံ့ပိုးပေးခဲ့သည့် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းက ''ကိုယ့်မြို့နယ်ထဲမှာ စာကြည့်တိုက်ဖြစ် မြောက်ဖို့အတွက် ကျွန်မတို့ဌာနအနေနဲ့ နှစ်လလောက် အချိန်ယူပြီး ကူညီဆောင်ရွက်ပေးခဲ့ပါတယ်၊ စာအုပ် တွေ စနစ်တကျဖြစ်ဖို့လာရောက်ဖတ်ရှုသူတွေ အလွယ် တကူ ဖတ်ရှုနိုင်အောင် သုတ၊ရသ စာအုပ်တွေခွဲပြီး စနစ်တကျလုပ်ပေးထားပါတယ်'' ဟု ပြောသည်။
ဆုတောင်းပြည့် မယ်လမုစေတီတော်ဝင်းအတွင်း ဖွင့်လှစ်ထားသည့် အရှင်အာနန္ဒာ စာကြည့်တိုက်၌ ဘုရားဖူးလာပြည်သူများနှင့် အနီးအနားဝန်းကျင်မှ ဒေသခံပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်ရန် တရား စာပေများ၊ သုတ၊ရသစာအုပ်များနှင့် သတင်းစာများ ထားရှိပေးထားပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သီသီမင်း
No comments:
Post a Comment