
သာကေတမြို့နယ် (၁ဝ/တောင်) (၁၄)ရပ်ကွက် ရှုခင်းသာလမ်းမကြီး မြရည်နန္ဒာအိမ်ရာဝင်း(လုံးချင်းအိမ်ရာ)ရှိ အမှတ်(၈)နေအိမ်တွင် ဇွန် ၁ ရက် နံနက် ၈ နာရီခန့်က VICTOR RAJ (၄၈)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မခိုင်စပယ်နှင်းအောင် အသက်(၃၁)နှစ် သေဆုံးနေကြောင်း မခိုင်စပယ် နှင်းအောင်၏ ဖခင်ဖြစ်သူမှ တိုင်တန်းချက်အရ သာကေတမြို့မရဲစခန်းက (ပ)၅၇၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ဖြင့် အမှုဖွင့်စုံစမ်း ဆောင်ရွက်ခဲ့သည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်း ဖော်ထုတ်ရေးတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်မှတပ်ဖွဲ့ဝင်များ၊ မှုခင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)ပူးပေါင်း၍ အခင်းဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေး ခဲ့ရာ သေဆုံးသူ VICTOR RAJ သည် အလုပ်အကိုင် (၇)ကြိမ်ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် အလုပ်အကိုင်မရှိဘဲ အခြားသူများကို အကြွေးများ မြောက်မြားစွာ ပေးဆပ်ရန်ရှိနေသည့်အပြင် ၎င်း၏ ဇနီးဖြစ်သူကိုလည်း ငွေကျပ် သိန်း ၅ဝ ပေးရန်ရှိကြောင်း၊ အခင်းဖြစ်နေ့တွင် VICTOR RAJ မှ ၎င်း၏အိပ်ခန်းအား သန့်ရှင်းရေးဝင်ရောက်မလုပ်ရန် အိမ်အကူများအားမှာကြားခဲ့ ကြောင်း၊ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးအုန်းမြင့်ကို ၎င်းအား လာရောက်မေးမြန်းသူ မည့်သူကိုမဆို နေအိမ်တွင်မရှိဘဲ နိုင်ငံခြားသို့ပြန်သွားကြောင်းကို ပြောဆိုရန် မှာကြားထားကြောင်း သိရှိရသည်။
စုံစမ်းဖော်ထုတ်ချက်အရ မေ ၃၁ ရက်တွင် သေဆုံးသူ၏နေအိမ်၌ မခိုင်စပယ်နှင်းအောင်၏ ညီမဝမ်းကွဲတော်စပ်သူ မခိုင်နှင်းဝေ၊ အိမ်အကူ မနွဲ့နှင့် ဒေါ်ခင်ဆွေတင့်၊ လုံခြုံရေးဝန်ထမ်း ဦးအုန်းမြင့်တို့ရှိနေပြီး သေဆုံးသူ VICTOR RAJ သည် ပြင်ပသို့ထွက်ခွာသွားခြင်းမရှိကြောင်း၊ မခိုင်စပယ်နှင်းအောင်သည် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီး နေအိမ် အောက်ထပ်ရှိ ၎င်း၏အိပ်ခန်းအတွင်းသို့ ဝင်သွားခဲ့ကြောင်း၊ ည ၇ နာရီ ခန့်တွင် ညီမဝမ်းကွဲတော်သူ မခိုင်နှင်းဝေက အစ်မဖြစ်သူ မခိုင်စပယ်နှင်းအောင်မှာ အပြင်သို့ထွက်မလာ၍ အိပ်ခန်းတံခါးကို သွားခေါက်ရာအတွင်းမှ မည်သည့်အသံမျှ မကြားရသဖြင့် ၎င်း၏ဖုန်းကိုခေါ်ဆိုရာ လက်ခံဖြေကြားခြင်း မရှိကြောင်း သိရှိရသည်။
အခင်းဖြစ်ရပ်တွင် တွေ့ရှိသည့် တူနှင့်ဓားမအား သေဆုံးသူ VICTOR RAJ သည် မေ ၃ဝ ရက်က Capital Hyper Market မှ ၎င်းကိုယ်တိုင် ဝယ်ယူခဲ့ကြောင်း Capital Hyper Market ၏ CCTVမှတ်တမ်းအထောက် အထားများနှင့် ငွေရှင်းပြေစာဘောက်ချာမှတ်တမ်းအထောက်အထားများရရှိခဲ့ပြီး ရရှိသောဒဏ်ရာ များမှာ ဝဲ/ယာလက်ကောက်ဝတ်တွင် သွေးပြန်ကြော လှီးဖြတ်ဒဏ်ရာ တစ်ချက်စီ၊ ဝမ်းဗိုက်အထက် ရင်ညွန့်ပြတ်ရှဒဏ်ရာ တစ်ချက်၊ ရင်ညွန့်တွင်ထိုးသွင်း ဒဏ်ရာနှစ်ချက်ရရှိပြီး မခိုင်စပယ်နှင်းအောင်တွင် လည်ပင်းခုတ်ထစ် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာနားထင်တွင်တူနှင့်ထုသည့် ချိုင့်ဝင်ဒဏ်ရာ တစ်ချက်တို့ ရရှိကာ သေဆုံးနေကြောင်း စစ်ဆေးတွေ့ရှိရသည်။
သေဆုံးသူ VICTOR RAJ သည် မသေဆုံးမီက ဇနီးဖြစ်သူအား ၎င်းဝယ်ယူခဲ့သည့် တူနှင့်ဓားကိုအသုံးပြုကာ သတ်ပြီးနောက် ၎င်းကိုယ်တိုင်လည်း မိမိကိုယ်မိမိ သတ်သေခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည့်အပြင် နေအိမ်၌ တပ်ဆင်ထားသည့် CCTV ကင်မရာ လေးလုံးကို မေ ၃၁ ရက် နံနက် ၆ နာရီမှ ဇွန် ၁ ရက် နံနက် ၈နာရီအထိ စစ်ဆေးချက်မှတ်တမ်းအရ လည်းကောင်း၊ လုံခြုံရေးဝန်ထမ်း ဦးအုန်းမြင့်၏ပြောပြချက်အရ လည်းကောင်း နေအိမ်ခြံဝင်းအတွင်း ဝင်/ထွက်သွားလာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။
အမှုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အများ ပြည်သူသိရှိစေရန် အသိပေးဖော်ပြခြင်းဖြစ်ပြီး အမှုကို ဆက်လက်စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ကြေးမုံ)
No comments:
Post a Comment