Friday, June 2, 2017

လူမှုရေးထောက်ပံ့မှုဖြင့်ကျေးဇူးဆပ်




မြန်မာနိုင်ငံတွင် လူ့သက်တမ်းအားဖြင့် အသက်(၆ဝ) အရွယ်ကျော်လွန်လျှင် သက်ကြီးရွယ်အိုတန်းဝင်သွားပြီဟု ဆိုနိုင်သည်။ ကျန်းမာသူများအဖို့ အလုပ်အကိုင်များဆက်လက်လုပ်ကိုင်ကြပြီး အချို့မှာ ဘုရားကျောင်းကန် များတွင်လည်းကောင်း၊ အချို့မှာ နေအိမ်တွင် ကူဖော်လောင်ဖက်အဖြစ် လည်းကောင်း၊ အချို့မှာ အားကိုးရာမဲ့အဖြစ်သို့လည်းကောင်း ရပ်တည် နေထိုင်ကြရသည်။
သက်ကြီးရွယ်အို လူတန်းစားလေးရပ်တွင် အားကိုးရာမဲ့၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အို လူတန်းစားများအား စာနာထောက်ထား ကူညီရိုင်းပင်းကြခြင်းမှာ မွန်မြတ်သောလုပ်ငန်းဖြစ်၍ ကြိုဆိုအားပေးကြရ မည်ဖြစ်သည်။ ခိုကိုးရာမဲ့၊ အားကိုးရာမဲ့ သက်ကြီးရွယ်အိုများကို ဘုရား ကျောင်းကန်များတွင် လည်းကောင်း၊ ဘိုးဘွားရိပ်သာများတွင် လည်း ကောင်း၊ လမ်းဘေးတွင်လည်းကောင်း မြင်တွေ့တတ်ပြီး အဆိုပါ သက်ကြီးရွယ်အိုများအား လူမှုဝန်ထမ်းဌာနနှင့် စာနာထောက်ထားသူ များက ကူညီဆောင်ရွက်ပေးကြသည်။
ယခုအခါ မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အသက်ရှင်သန်ရပ်တည်နေကြဆဲဖြစ်သော အသက် (၉ဝ)နှင့်အထက် အဘိုးအဘွားများအတွက် လူမှုရေးပင်စင်ပေးမည်ဟု ကြားသိရသဖြင့် အထူးပင်ဝမ်းမြောက်မိသည်။ အသက် (၉ဝ)နှင့်အထက် လူမှုရေးပင်စင်ကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများမှတစ်ဆင့် စစ်တမ်းများကောက် ယူကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သက်ကြီးရွယ်အို အဘိုး၊ အဘွားများဆိုသည်မှာ တစ်ချိန်သော ကာလက နိုင်ငံ့တာဝန်များကိုလည်းကောင်း၊ မိသားစုတာဝန်များကို လည်းကောင်း တစ်နည်းမဟုတ်တစ်နည်း၊ အနည်းနှင့်အများဆိုသလို ကျေပွန်စွာဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။ အသက် (၆ဝ)ကျော်လွန်၍ အလုပ်အကိုင်မရှိ၊ စုမိဆောင်းမိခြင်းမရှိ၊ အိုစာနာစာမရှိ၊ အားကိုးရာမရှိ သောအခါ လူမှုဘဝအသိုက်အဝန်းမှ များသောအားဖြင့် ပစ်ပယ်ခြင်း ခံရသူများရှိသည်။ မည်သို့ပင်ဖြစ်စေ ၄င်းတို့၏မိသားစု ပတ်ဝန်းကျင် တွင်လည်းကောင်း၊ ၄င်းတို့၏ အလုပ်လုပ်ကိုင်ခဲ့ရာ ပတ်ဝန်းကျင်တွင် လည်းကောင်း တစ်နည်းမဟုတ်တစ်နည်း၊ အနည်းနှင့် အများဆိုသလို ကျေးဇူးရှိခဲ့ကြသူများဖြစ်၍ ၄င်းတို့၏ကျေးဇူးကို ပြန်လည်တုံ့ပြန်ကြရန် လိုအပ်သည်။
အသက် (၉ဝ)နှင့်အထက် အဘိုး၊ အဘွားများအတွက် လူမှုရေးပင်စင်ပေးအပ်မည့်အစီအစဉ်ကို ကြိုဆိုရမည်ဖြစ်သလို အသက်(၉ဝ) မပြည့်သော်လည်း အသက်(၆ဝ)နှင့်အထက်ကျန်ရှိသော အဘိုးအဘွား များအတွက်လည်း တတ်နိုင်သည့်ဘက်မှ တတ်နိုင်သလောက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် လိုအပ်ပေသည်။ အသက် (၉ဝ)နှင့်အထက် အဘိုး၊ အဘွားများကို ယခုဘဏ္ဍာနှစ်မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အဘိုး၊ အဘွားတစ်ဦးလျှင် တစ်လကျပ် တစ်သောင်း နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ်ပေးအပ်ရန်စီစဉ်ထားကြောင်း သိရသည်။
တစ်သောင်းကျပ်ဟူသော ငွေကြေးပမာဏမှာ မများလှသော်လည်း တစ်နိုင်ငံလုံးတွင် ဘိုးဘွားဦးရေ သုံးသောင်းကျော်ရှိသဖြင့် ဘဏ္ဍာငွေ အခြေအနေအရ လစဉ်ထောက်ပံ့ငွေ ကျပ်သိန်း သုံးထောင်ကျော်ပေးရ မည်ဖြစ်ပြီး ယခုနှစ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေအဖြစ် နိုင်ငံတော်၏ဘတ်ဂျက်မှ ကျပ် ၄ ဒသမ ၂ ဘီလီယံခွင့်ပြုထားသည်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။ အဘိုးအဘွားများဟူသည်မှာ အားနည်းသူ များဖြစ်၍ အသက် (၉ဝ) သာမက အသက် (၆ဝ)နှင့်အထက် အထောက် အပံ့မရှိသောသူများကိုလည်း ကူညီဆောင်ရွက်ပေးသင့်သည်။ မြန်မာ နိုင်ငံ၏ လက်ရှိအနေအထားအရ ဤမျှထောက်ပံ့ပေးနိုင်မည်ဖြစ်ပြီး တိုင်းပြည်ချမ်းသာ ကြွယ်ဝမည်ဆိုပါက သက်ကြီးရွယ်အိုများသာမက အလုပ်အကိုင်မရှိသောသူများ၊ အားကိုးရာမဲ့သူများအားလုံးတို့ကို ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် လူမှုရေးစိတ်ဓာတ်၊ စာနာထောက်ထား ရိုင်းပင်း ကူညီမှုစိတ်ဓာတ်၊ ရက်ရောစွာ လှူဒါန်းကူညီလိုမှုစိတ်ဓာတ်များ အားကောင်းသောနိုင်ငံဖြစ်သည်။ တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ လူမှုရေးအသင်းအဖွဲ့အနေဖြင့်လည်းကောင်း ရိုင်းပင်းကူညီလှူဒါန်းမှုများ ပြုလုပ်နေကြသည်ကိုတွေ့ရသည်။ ယခုကဲ့သို့သော အားနည်းနေသူ သက်ကြီးရွယ်အိုများ ထောက်ပံ့ကူညီပေးမှုအစီအစဉ်တွင် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ မိမိတို့ကလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဆိုပါက သက်ကြီးရွယ်အိုများ၏ ဘဝ နေဝင်ချိန်ကာလ စိတ်နှလုံးချမ်းမြေ့ကာ ပိုမိုကောင်းမွန်လာမည်ဟု ရှုမြင်ပါသည်။

No comments:

Post a Comment