Monday, March 27, 2017

ပါ့ခ်မင်ယောင်း၊ လီဂျင်ဝတ်ခ်နဲ့ဂျင်ဂိုတို့ရဲ့ရုပ်ရှင်သစ် ''Queen For 7 Days''



Image may contain: 3 people, people smiling, people standing
လတ်တလောမှာ ရိုက်ကူးလျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရုပ်ရှင်သစ်တစ်ကားကတော့ ပရိသတ်အများကို အထူးစိတ်ဝင်စားစေခဲ့ပါတယ်။ အကြောင်းကတော့ ယင်းရုပ်ရှင်မှာ တောင်ကိုရီးယားရဲ့ နာမည်ကျော် မင်းသား၊ မင်းသမီးတွေ ခေါင်းဆောင်ပါဝင်ထားကြတဲ့ အတွက်ဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်ကိုတော့ ''Queen For 7 Days''လို့ ပေးထားတာဖြစ်ပါတယ်။
ရုပ်သံဇာတ်လမ်းတွဲ ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ '' Queen For 7 Days ''ကို တောင်ကိုရီးယားရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ KBS 2TV မှ ရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်ပြီး အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသမီး ပါ့ခ်မင် ယောင်းမင်းသား လီဂျင်ဝတ်ခ်နဲ့ ဂျင်ဂိုတို့က ပါဝင်သရုပ် ဆောင်ထားကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းရဲ့ ဖော်ပြချက် တွေအရ သိရပါတယ်။
ရုပ်ရှင်ဇာတ်လမ်းတွဲပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ မင်းသမီး ပါ့ခ်မင်ယောင်းကတော့ ယခုရုပ်ရှင်မှာ ခုနစ်ရက်ကြာ ထီးနန်းစိုးစံခွင့်ရခဲ့တဲ့ တောင်ကိုရီးယား ဘုရင်မ ဒန်ယွန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ယင်းဇာတ်ကောင်ဟာ ဘုရင်ရဲ့ အလေးပေးခြင်းခံရတဲ့ အာဏာရှိသူတစ်ဦးရဲ့ သမီးဖြစ်ပြီး သူချစ်မြတ်နိုးသူ တစ်ဦးကိုလက်ထပ်ကာ သာမန်ဘဝမှာသာ နေထိုင်လိုတဲ့ သူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။
ခေါင်းဆောင်မင်းသား လီဂျင်ဝတ်ခ်ကတော့ တော်ဝင်သွေးမှ မွေးဖွားလာကာ စစ်သူကြီးတစ်ဦးဖြစ်တဲ့ ဂျင်ဆောင်းအဖြစ် ပါဝင်ထားပြီး ဘာကိုမျှစွမ်းဆောင်နိုင် ခြင်းမရှိဘဲ တိတ်ဆိတ်တဲ့ဘဝမှာ နေထိုင်နေရပေမယ့် လက်ရှိဘဝလို ရှင်သန်လိုစိတ်မရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့အစ်ကိုဖြစ်သူ ယွန်းဆန်ဂန်းကို လက်တုံ့ပြန်လိုပြီး ထီးနန်းမှ ဖြုတ်ချဖို့ ဆန္ဒရှိနေသူလည်းဖြစ်ကာ မင်းသမီး ရှင်ချေယွန်းကို ချစ်မြတ်နိုးမိနေသူလည်း ဖြစ်ပါတယ်။ လတ်တလောရိုက်ကူးလျက်ရှိတဲ့ ရုပ်ရှင်ဟာ လီဂျင်ဝတ်ခ် အတွက် ပထမဆုံးပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ အလယ်ခေတ်ဇာတ်လမ်းတစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။
ပြီးခဲ့တဲ့ နှစ်အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ တောင်ကိုရီးယားရဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် ''Descendants of the Sun''မှာ တပ်ကြပ်ကြီး စိုးဒယ်ယောင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ကာ ရုပ်ရှင်ရဲ့ အောင်မြင်မှုနဲ့အတူ ကျော်ကြားလာခဲ့တဲ့ ဂျင်ဂိုကတော့ ''Queen For 7 Days''မှာ ဧကရာဇ်တစ်ပါးအဖြစ် မွေးဖွားလာခဲ့စဉ်ကတည်းက အရာရာကို ပိုင်စိုးရသူ ယွန်းဆန်ဂန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ရှိတိုင်း အလုံးစုံပြည့်စုံနေပေမယ့် အချစ်ရေးမှာတော့ ကံခေသူတစ်ဦးအဖြစ် ပါဝင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ ဂျင်ဂိုဟာ လွန်ခဲ့တဲ့ ငါးလခန့်က ထုတ်လွှင့် ပြသခဲ့တဲ့ ဇာတ်လမ်းတွဲရုပ်ရှင် ''Night Light''မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
''Queen For 7 Days'' ရုပ်ရှင်မှာ ဇာတ်လမ်းအပိုင်း ပေါင်း ၂ဝ ပိုင်း ပါဝင်မှာဖြစ်ပြီး လာမယ့် မတ် ၃၁ ရက်မှာ စတင်ရုံတင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အေးပြည့်-စုစည်းသည်

No comments:

Post a Comment