Monday, March 27, 2017

ပထမတန်းသင်ရိုးသစ် တိုင်းဒေသကြီးအဆင့်ဆွေးနွေးပွဲ မန္တလေးမြို့၌ စတင်ပြုလုပ်



Image may contain: 1 person
မန္တလေး မတ် ၂၆
၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်တွင် စတင်သင်ကြားနိုင်တော့မည့် မူလတန်းအဆင့် ပထမတန်းသင်ရိုးသစ် တိုင်းဒေသကြီးအဆင့် ဆွေးနွေးပွဲကို မန္တလေးမြို့တွင် ချမ်းအေးသာစံမြို့နယ် (အမှတ် ၁၅) အခြေခံပညာအထက်တန်းကျောင်းခန်းမ ၌ မတ် ၂၄ ရက်မှ ဧပြီ ၈ ရက်အထိ ပြုလုပ်လျက်ရှိသည်။
အဆိုပါဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ တစ်မြို့နယ်လျှင် ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာ ဆရာမကြီး ၁၂ ဦးစီဖြင့် စုစုပေါင်း ၃၃၆ ဦး တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါဆွေးနွေး ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက ဗဟိုအဆင့်တက်ရောက်ခဲ့သူများက ဦးဆောင်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုသင်တန်းတွင် ပြောင်းလဲသင်ကြားမည့် ပထမတန်းသင်ရိုးသစ်အပေါ် ဦးဆောင်ပို့ချဆွေးနွေးသူများနှင့် တက်ရောက်ဆွေးနွေးသူများ၏ သဘောထား အမြင်များကို သိရှိစေရန် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ဦးခင်မောင်မြင့် [ဒုတိယညွှန်ကြားရေးမှူး(ပညာ)] မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး
သင်တန်းဖွင့်ရခြင်းရဲ့ရည်ရွယ်ချက်က ပညာရေးမြှင့်တင်မှုအစီအစဉ်အရ ပညာရေးမြှင့်တင်မှုတွေကို ၁၉၉၈ ခုနှစ်ကနေပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတယ်။ အဲဒီကနေမှ အခု မူလတန်းအဆင့်မှာ KG+5၊ အလယ်တန်း အဆင့်မှာ ၄၊ အထက်တန်းအဆင့်မှာ ၃။ အဲဒီတော KG+543 အစီအစဉ်အရ လုပ်နေတာဖြစ်ပါတယ်။ အခုက KG ပြီးတော့ ပထမတန်းအတွက် ပညာရေးဝန်ကြီးဌာနကနေပြီးတော့ ပညာရေးမြှင့်တင်မှုအစီအစဉ်တွေနဲ့ ကိုက်ညီမယ့် ဒီနေ့ခေတ်အနေအထားနဲ့ သင့်တော်လျော်ညီမယ့် ပထမတန်းသင်ရိုးသစ်ကို ဆရာ ဆရာမကြီးတွေနဲ့ ဘယ်လိုချဉ်းကပ်ရမယ်၊ ဘယ်လိုပို့ချရမယ်။ တကယ် သင်ယူမယ့် ကလေးတွေအတွက် ဘယ်လိုအကျိုးရှိအောင် လုပ်ဆောင်ရမယ် ဆိုတာတွေကို သိရှိအောင် ဖွင့်လှစ်တဲ့နည်းပြသင်တန်းဖြစ်ပါတယ်။
ပထမတန်းမှာတော့ ဘာသာစုံပါပါတယ်။ အခြေခံအားလုံးအစုံပါမှာဖြစ်ပါ တယ်။ တွဲဖက်သင်ရိုးဝင်အကုန်ပါမှာပါ။ စာရိတ္တ၊ ပြည်သူ့နီတိ စတာတွေပေါ့။
KG သင်ရိုးသစ်က ကလေးတွေအတွက် ထိရောက်မှုရှိတယ်လို့ မြင်ပါ တယ်။ ပညာရေးသုတေသနပြုလုပ်တဲ့ ဆရာကြီးတွေအဆိုအရ ငါးနှစ်အရွယ်က စပြီးတော့ စာတွေကို အတင်းရိုက်သွင်းပြီး သင်တာမျိုးလုပ်လို့ မရဘူး။ အသက် အရွယ်အရ မသင့်တော်သေးဘူးလို့ ခံယူတဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ အရိုးစွဲနေတာက ငါးနှစ်ပြည့်ပြီးရင် ကျောင်းအပ်ရမယ်လို့ မိဘတွေက ခံယူထားတဲ့အတွက် ငါးနှစ်ပြည့်ပြီးတဲ့ ကလေးတွေကို KG အနေနဲ့ လက်ခံ သင်ကြားပေးတာဖြစ်ပါတယ်။ KG မှာက သူတို့ ဦးနှောက်လေးတွေနဲ့ မကိုက်ညီ တာကို အတင်းအကျပ်ကြီးမလုပ်ပါဘူး။ နားလိုက်၊ ကျန်းမာရေးလှုပ်ရှားလိုက်၊ ကစားလိုက်နဲ့ ကျောင်းလည်းပျော်သွားအောင်၊ ကျောင်းနဲ့ပတ်သက်တဲ့ ဘာသာရပ်လေးတွေလည်းရသွားအောင် လုပ်ပေးခဲ့တဲ့အတွက် အများကြီးအကျိုး ရှိမယ်လို့ ထင်ပါတယ်။
နိုင်ငံတော်အကြီးအကဲတွေက မျှော်လင့်တဲ့ ပညာရေးမြှင့်တင်မှု အစီအစဉ်တွေကို တကယ်ထိရောက်ပေါက်မြောက်အောင်မြင်အောင် ဒီသင်တန်းမှာလည်း မပျက်မကွက်တက်ရောက်ပြီး ကိုယ်တိုင်လည်း ပါဝင်ဆွေးနွေးပြီး အကျိုးရှိတဲ့ ရလဒ်ကောင်းတွေ၊ ဗဟုသုတတွေရယူသွားပြီး မိမိမြို့နယ်ပြန်ရောက်တဲ့အခါမှာ ဒီသင်တန်းကရရှိတဲ့ နည်းစနစ်တွေအတိုင်း ကြိုးစားပြီးဆောင်ရွက်သွားဖို့ မှာချင်ပါတယ်။
ဦးမင်းသူ(လက်ထောက်မြို့နယ်ပညာရေးမှူး) 
အောင်မြေသာစံမြို့နယ်

၂ဝ၁၇-၂ဝ၁၈ ပထမတန်းသင်ရိုးသစ်မှာ သင်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်မှာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ထောက်ကြံ့မြို့နယ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဗဟိုအဆင့်သင်တန်းကိုတက်ခဲ့ပြီး အခုဒီသင်တန်းမှာ ပြန်လည်ပို့ချပေးမှာဖြစ်ပါတယ်။ ဒီပထမတန်းသင်ရိုးသစ်မှာ ဘာသာရပ်ကိုးမျိုးပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၂၈ မြို့နယ်က တစ်မြို့နယ်ကို ၁၂ ဦး နှုန်းနဲ့ ၃၃၆ ဦးကို ပို့ချသွားမှာပါ။ သင်တန်းကာလ ၁၄ ရက်ဖြစ်ပါတယ်။ KG သင်ရိုးသစ်တုန်းကလည်း ကလေးတွေအတွက် အများကြီးအထောက်အပံ့ဖြစ် ပါတယ်။ လူသားတစ်ယောက်ရဲ့ အခြေခံကျွမ်းကျင်မှုဖြစ်တဲ့ နားထောင်တဲ့ စွမ်းရည်၊ ပြန်ပြောနိုင်တဲ့စွမ်းရည် အဲဒီစွမ်းရည်နှစ်ခုနဲ့ ပေါင်းစပ်ပြီးတော့ တွေးခေါ်နိုင်တဲ့ အယူအဆတွေ၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ ပြောနိုင်အောင်၊ လုပ်နိုင်အောင်၊ KG မှာ စပြီးတော့ အစပြုသင်ကြားပေးတာပါ။ KG က မူလတန်းအဆင့် သင်ကြားဖို့အတွက် စတင်ပြုစုပျိုးထောင်ပေးတဲ့အနေအထား ဖြစ်ပါတယ်။ မူလတန်းအဆင့်မသွားခင်မှာ ကလေးတွေက အခုဆိုရင် Grade 1 နဲ့ ချိတ်ဆက်သင်ကြားနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
တိုင်းဒေသကြီးအဆင့် သင်တန်းပြီးသွားပြီဆိုရင် ဧပြီ ၂၄ ရက်မှာ မြို့နယ်အဆင့် ပြန်လည်ပို့ချပေးမှာဖြစ်ပါတယ်။ မေ ၁ဝ ရက်မှာ ကျောင်းအဆင့် ပို့ချပေးသွားမှာပါ။
အခုပြုပြင်ပြောင်းလဲနေတဲ့ သင်ရိုးသစ်ကို ဆရာ ဆရာမတွေက ကျွမ်းကျွမ်း ကျင်ကျင်နဲ့နားလည်ဖို့လိုသလို မိဘတွေအနေနဲ့ကလည်း စိတ်ဝင်စားဖို့လိုပါ တယ်။ ဆရာ ဆရာမတွေက ကျွမ်းကျင်နားလည်မှ မိဘတွေကို စိတ်ဝင်စားအောင် ရှင်းပြနိုင်မှာဖြစ်ပါတယ်။ ကလေးတွေကတော့ ဘယ်လိုပုံစံမျိုးနဲ့ဖြစ်ဖြစ် သင်ကြားပေးပါစေ သူတို့လိုချင်တဲ့ ပုံစံနဲ့သွားမှာဖြစ်တဲ့အတွက် အံဝင်ခွင်ကျဖြစ် တဲ့ သင်ရိုးတွေဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။
ဒေါ်စန်းစန်းအေး (ကျောင်းအုပ်-အမှတ် ၁၂ အခြေခံပညာမူလတန်းကျောင်း) အောင်မြေသာစံမြို့နယ်
ကျွန်မတို့မြို့နယ်က မြို့နယ်ကိုယ်စားပြု ၁၂ ယောက်ထဲမှာ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကလည်း KG သင်ရိုးသစ်သင်တန်းကို စိတ်ဝင်တစား တက်ရောက်ခဲ့ပါတယ်။ KG သင်ရိုးသစ်ကို တက်ရောက်သင်ယူပြီး ကလေးတွေကို ပြန်လည်သင်ကြားတဲ့အခါမှာ မိဘတွေလည်း စိတ်ကျေနပ်မှု ရရှိတဲ့အပြင် ကလေးတွေလည်း ပျော်ရွှင်မှုတွေရရှိပြီး သူတို့ကိုယ်တိုင်ပါဝင်ဆောင် ရွက်တဲ့အတွက် ဒီ KG သင်ရိုးသစ်က အောင်မြင်မှုရရှိခဲ့ပါတယ်။ အခု တက်ရောက်ရမယ့် ပထမတန်းသင်ရိုးသစ်ကလည်း ကလေးတွေအတွက် ထိရောက်မှုရှိမယ်လို့ ယုံကြည်ပါတယ်။
ဒီဆွေးနွေးပွဲကရရှိလာမယ့် သင်ခန်းစာပြုပြင်ပြောင်းလဲမှုတွေကို သေချာလေ့လာမှတ်သားပြီး ကလေးတွေအတွက် အထိရောက်ဆုံးသင်ကြားပေးနိုင်အောင် ကြိုးစားသွားမှာပါ။
ဦးဝေလျှံဖြိုး [ကျောင်းအုပ်-အခြေခံပညာမူလတန်းလွန်ကျောင်း(ငါန်းဇွန်မြို့နယ်)]
ကျွန်တော်တို့မြို့နယ်က ဒီဆွေးနွေးပွဲကို ဆရာ ခြောက်ဦး၊ ဆရာမ ခြောက်ဦး တက်ရောက်ပါတယ်။ သင်တန်းက မတ် ၂၄ ရက်ကနေ ဧပြီ ၈ ရက်အထိပါ။ ပြီးခဲ့တဲ့နှစ်က KG သင်ရိုးသစ်အတွက် သင်တန်းတက်ပြီး ကိုယ့်မြို့နယ်အသီးသီးမှာ ဆင့်ပွားပြန်ပို့ချခဲ့ရတယ်။ နည်းပညာပိုင်းအနေ နဲ့ကတော့ အားရမှုရှိတယ်။ ပံ့ပိုးမှုအနေနဲ့ကတော့ ပြဋ္ဌာန်းစာအုပ်တွေ ကလေး တွေလက်ထဲ ရောက်မလာတာ၊ ကျောင်းတွေမှာ မပေးနိုင်တာတို့ရှိခဲ့ပါတယ်။ ပုံနှိပ်စာအုပ်တွေက ကျောင်းအဆင့်တွေမှာလည်း ရောက်မလာဘူး။ မြို့နယ် ပုံနှိပ်ဖြန့်ဖြူးရေးတွေဆီလည်း ရောက်မလာဘူး။ နည်းပညာစနစ်အတွက်က ကျေနပ်မှုလည်းရှိတယ်။ အားရမှုလည်းရှိတယ်။
ပံ့ပိုးမှုအနေနဲ့ကတော့ သင်ထောက်ကူအနေနဲ့ စာအုပ်တို့ အဲဒါတွေက နယ်ကျောင်းအများစုမှာ မပြည့်စုံတာများတယ်။ မြို့ပေါ်ကျောင်းတွေလိုမဟုတ်ဘူး။ မြို့ပေါ်မှာတော့ ကျူရှင်များတယ်။ အခန်းများတယ်။ ပြည့်စုံမှုများတယ်။ နယ်ကျောင်းမှာ ကျူရှင်ရှားတယ်။ မပြည့်စုံမှုတွေကို ကိုယ့်ဘာသာကိုယ် ဖန်တီးနေရတယ်။ ရှိတဲ့ဟာလေးနဲ့ ဖြစ်အောင်လုပ်ရတာပေါ့။ သင်ထောက်ကူ အနေနဲ့ကတော့ လိုအပ်နေပါသေးတယ်။
KG သင်ရိုးနဲ့ ကလေးတွေအတွက် ထိရောက်မှုရှိပါတယ်။ ကလေးအတွက်ကော မိဘတွေအတွက်ကော ကောင်းပါတယ်။ နဂိုက ကလေးတွေကို ငါးနှစ် ကျောင်းနေကတည်းက စာကအရင် စထိတွေ့တာလေ။ အဲဒီတော့ စာမလိုက် နိုင်တဲ့ကလေးက ဦးနှောက်ဖွံ့ဖြိုးခါစမှာ စာကို ဦးဆုံးထိတွေ့ရတဲ့အတွက် စာကို ကြောက်သွားတယ်။ KG သင်ရိုးသစ်က ကစားစရာတွေနဲ့ ဆရာတွေနဲ့ ရင်းနှီးအောင်လုပ်ပြီး စာသင်ခန်းလေးမှာ ပျော်သွားတာနဲ့စတယ်။ ကျောင်းကို ရင်းနှီးသွားပြီ၊ ဆရာတွေနဲ့လည်း ရင်းနှီးသွားပြီဆိုတာနဲ့ စာစသင်တာပါ။ အဲဒီ လိုမျိုးဆိုတော့ အဆင်ပြေပါတယ်။
ပထမတန်းသင်ရိုးသစ်ကလည်း စနစ်ကောင်းတစ်ခုလို့ပဲ မြင်တယ်။ ဘယ်ဘာသာကို ဘယ်လိုခွဲဝေလေ့လာရမယ်ဆိုတာလည်း မသိသေးဘူး။ စနစ် ကောင်းတစ်ခုလို့မြင်ပေမယ့် ပံ့ပိုးမှုအား နောက်ကပါမလာဘူးဆိုရင် နည်းနည်းတော့ အားနည်းနိုင်ပါသေးတယ်။ မင်းထက်အောင်(မန်းကိုယ်ပွား)အဆိုပါဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ တစ်မြို့နယ်လျှင် ထက်၊ လယ်၊ မူ ကျောင်းအုပ် ဆရာ ဆရာမကြီး ၁၂ ဦးစီဖြင့် စုစုပေါင်း ၃၃၆ ဦး တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး အဆိုပါဆွေးနွေး ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းက ဗဟိုအဆင့်တက်ရောက်ခဲ့သူများက ဦးဆောင်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)

No comments:

Post a Comment