ဟောလိဝုဒ်သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ ဇက်အက်ဖရွန်ဟာ တက်သစ်စ မော်ဒယ်လ်နဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သူ ပဲရစ်ဂျက်ဆင်ရဲ့ အသည်းကို တစ်ခါကခွဲခဲ့ဖူးကြောင်း ပဲရစ်ဂျက်ဆင်က လတ်တလောမှာ အင်တာဗျူးတစ်ခုအတွင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အဲဒီအသည်းကွဲဇာတ်လမ်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဖြစ်ခဲ့တာဖြစ်တယ်လို့လည်း ပဲရစ်ဂျက်ဆင်က ဆိုခဲ့တာကြောင့် ဒီဇာတ်လမ်းကိုတော့ ဆယ်စုနှစ်တစ်စုအကြာက အသည်းကွဲဇာတ်လမ်း တစ်ပုဒ်လို့ တင်စားလိုက်ရပါတယ်။
ပေါ့ပ်တေးဂီတရဲ့နာမည်ကျော်တေးသံရှင်တစ်ဦးဖြစ်တဲ့ မိုက်ကယ်လ် ဂျက်ဆင်ရဲ့ သမီးဖြစ်သူ ပဲရစ်ဂျက်ဆက်က သူနဲ့ ဇက်တို့ရဲ့ဇာတ်လမ်းဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က ဇက်ခေါင်းဆောင်ပါဝင်ထားတဲ့ရုပ်ရှင် '' High School Musical''အတွက် တေးဂီတဖျော်ဖြေပွဲကျင်းပချိန်က စတင်ခဲ့တာ ဖြစ်တယ်လို့လည်း အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ပဲရစ်ဂျက်ဆင်အတွက် ပထမဆုံးသောတေးဂီတဖျော်ဖြေပွဲအဖြစ် ''High School Musical Live''ဖျော်ဖြေပွဲကို သွားရောက်ကြည့်ရှုခဲ့ရကြောင်း၊ ဒီလို ကြည့်ရှုခဲ့တာဟာလည်း ခေါင်းဆောင်မင်းသားဖြစ်တဲ့ ဇက်ကို တွေ့လိုတဲ့အတွက်ဖြစ်ကြောင်းနဲ့ ဖျော်ဖြေပွဲမှာ အခြားသောရုပ်ရှင်ကို ရိုက်ကူးနေရတဲ့အတွက် ဇက်အနေနဲ့ ပါဝင်ဖျော်ဖြေနိုင်ခြင်းမရှိတာကို သိလိုက်ရချိန်မှာ စိတ်ထိခိုက်ရကာ အသည်းကွဲတဲ့ဝေဒနာကို ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်တယ်လို့ အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး ပဲရစ်ဂျက်ဆင်က ''ဖျော်ဖြေပွဲမှာ ဇက်အက် ဖရွန် ပါဝင်ဖျော်ဖြေနိုင်ခြင်းမရှိတာကို သိလိုက်ရတဲ့အချိန်မှာ ကျွန်မတကယ်ကို စိတ်ပျက်သွားခဲ့တယ်။ သူရှိမနေတာဟာ ကျွန်မအတွက်တော့ဘဝမှာ စိတ်အပျက်ရဆုံး၊ စိတ်ဓာတ်အကျရဆုံး အဖြစ်အပျက် ဖြစ်ခဲ့တယ်။ အလားတူ အသည်းကွဲတဲ့ခံစားချက်ကို အပြင်းထန်ဆုံးခံစားလိုက်ရတဲ့အချိန်လည်းဖြစ်ပါတယ်''လို့ အင်တာဗျူးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ပဲရစ်ဂျက်ဆင်က ဖျော်ဖြေပွဲမှာ ဇက်ရဲ့နေရာမှာ အခြားသော ကောင်လေးတွေနဲ့ အစားထိုးဖျော်ဖြေနေတာကို ကြည့်ခဲ့ရတာ စိတ်အပျက်ဆုံးဖြစ်ခဲ့ပြီး အဲဒီအချိန်မှာတော့ အသက် (၁ဝ)နှစ်အရွယ်အသည်းကွဲနေတဲ့ ကောင်မလေးတစ်ဦးဖြစ်ခဲ့တယ်လို့လည်း ပြောကြားခဲ့ကြောင်း သိရပါ တယ်။
အေးပြည့်-စုစည်းသည်

No comments:
Post a Comment