Monday, March 27, 2017

ဘာစီလိုနာမှ ချိတ်ဆက်နေသော်လည်း ပီအက်စ်ဂျီတွင်သာ ပျော်ရွှင်နေဟု ဗာရက်တီ တုံ့ပြန်



Image may contain: 1 person, playing a sport and outdoor
ပီအက်စ်ဂျီအသင်းကွင်းလယ်လူ ဗာရက်တီကို ကမ္ဘာ့ထိပ်တန်းကလပ်ဘာစီလိုနာမှ ကမ်းလှမ်းနေသော်လည်း ပြင်သစ်မြေတွင်သာ ပျော်ရွှင်နေသဖြင့် အသင်းပြောင်းရန် စဉ်းစားထားခြင်းမရှိဟု ကာယကံရှင်ကိုယ်တိုင်က တုံ့ပြန်လိုက်ရာ ဘာစီလိုနာအတွက် စိတ်ပျက်ဖွယ်ရာပင်ဖြစ်သည်။ ဘာစီလိုနာအသင်းက ကွင်းလယ်လူ အင်နီယေစတာနေရာတွင် အစားထိုးနိုင်မည့် ကစားသမားတစ်ဦးကို ရှာဖွေလျက်ရှိရာ လီဗာပူးကွင်းလယ်လူ ကော်တင်ဟိုနှင့် ဗာရက်တီတို့မှာ ဘာကာ၏ အဓိက ပစ်မှတ်များဖြစ်နေသည်။
ဗာရက်တီက ''ဘာစီလိုနာကို ကျွန်တော်ပြောင်းမလားဆိုတော့ ပဲရစ်မြို့မှာပဲ ကျွန်တော်ပျော်နေပါတယ်။ ပြီးတော့ ပီအက်စ်ဂျီအသင်းဟာ အနာဂတ် စီမံချက်ကောင်းကောင်းရှိတဲ့ အသင်းဖြစ်ပြီး လာမယ့်ရာသီလည်း ကျွန်တော် ဒီအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ထင်ပါတယ်'' ဟု အပြောင်းအရွှေ့ ကိစ္စရပ်အပေါ် ဖြေကြားခဲ့သည်။
အစောပိုင်းက ဗာရက်တီမှာလာမည့်နွေတွင် ဘာစီလိုနာသို့ ပြောင်းရွှေ့တော့မည်ဟု သတင်းများထွက်နေခဲ့သည့်အတွက် ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းက ဘာကာအတွက် အဓိက ထိုးနှက်ချက်တစ်ရပ်ဖြစ်လာခဲ့သည်။
ဗာရက်တီ၏အေးဂျင့်ဖြစ်သူ ကမ်ပလီက ''သူဟာ ငွေကြေးထက်အောင်မြင်မှုကို ပိုပြီးအလိုရှိသူပါ။ သူ့လိုကစား သမားမျိုးကို ဘယ်အသင်းကမဆို သူလိုချင်တဲ့ လစာနှုန်းထားမျိုးပေးချေဖို့ အသင့်ရှိနေမှာပါ။ ဒါကြောင့် သူဟာအသင်းပြောင်းမယ်ဆိုလည်း ဒီအသင်းရဲ့ အောင်မြင်မှု အခြေအနေပေါ်ကိုသာ မူတည်ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်'' ဟု မတင်မကျအဖြေပေးခဲ့ရာ ဗာရက်တီ အသင်းပြောင်းမည်လား၊ ပီအက်စ်ဂျီတွင်ဆက်နေမည်လားဆိုသည်ကို ပရိသတ်များအတွက် ဇဝေဇဝါဖြစ်စေခဲ့သည်။
ထို့ပြင် ဘာစီလိုနာအသင်းကို အရေးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်အပြီးတွင်လည်း ဗာရက်တီက ဘာစီလိုနာ အသင်းမှာ သူ့အတွက်ကြောက်လန့်ဖွယ်အကောင်းဆုံးညကို ဖန်တီးပေးခဲ့သည်ဟု ဆိုခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်း၏ ချန်ပီယံလိဂ်တိုးပေါက်နိုင်မှု အဆင့်ကို ဗာရက်တီ စိတ်ပျက်နေပြီဟု သတင်းများထွက်လာခဲ့သည်။ သို့သော် ဗာရက်တီနှင့် ပီအက်စ်ဂျီအသင်းတို့ လက်ရှိချုပ်ဆိုထားသည့် စာချုပ်သက်တမ်းမှာ ၂ဝ၂၁ခုနှစ်အထိရှိနေရာ အပြောင်းအရွှေ့ကိစ္စရပ်မှာ ရှုပ်ရှုပ်ထွေးထွေး အခြေအနေဖြစ်နေသည်။
မေလဲ့သင်း-စုစည်းသည်

No comments:

Post a Comment