
တိုက်စစ်မှူး မက်ပီကို ဥရောပ ကလပ်အသင်းကြီးများစွာမှ အလိုရှိနေသော်လည်း လက်ရှိကလပ်အသင်း မိုနာကိုမှ အလျင်စလို ထွက်ခွာရန်မဆုံးဖြတ်သင့်ဟု ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘင်ဇီမာက အကြံပြုစကားဆိုလိုက်သည်။ သို့သော် ဘင်ဇီမာက မက်ပီ၏ ကစားပုံကို တစ်ကြိမ်တစ်ခါမျှ ကြည့်ရှုဖူးခြင်းမရှိသည်ကို ဝန်ခံပြောကြားလိုက်သည်။ အသက်(၁၈)နှစ်သာ ရှိသေးသော မက်ပီမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ခေါ်ယူခံထားရပြီး သူ၏တန်ဖိုးကို ပေါင်သန်း ၁၂ဝကျော်အဖြစ် ကမ္ဘာ့ဘောလုံးဈေးကွက် သုံးသပ်သူများက ယူဆသည်။
မန်စီးတီးနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်နောက်ပိုင်း မက်ပီ၏ ခြေစွမ်းပိုင်းအပေါ် ဥရောပကလပ်အသင်းကြီးများက စိတ်ဝင်စားလာကြခြင်းဖြစ်သည်။ သို့သော် ဘင်ဇီမာကလည်း မက်ပီအရွယ်ကတည်းကပင် ဥရောပ အသင်းကြီးများစွာ၏ စိတ်ဝင်တစား စောင့်ကြည့်မှုခံခဲ့ရသော်လည်း အသက်(၂၁)နှစ်အရွယ်မှပင် ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ရာ မက်ပီလည်း မိမိကဲ့သို့ ဆုံးဖြတ်နိုင်ရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။
ဘင်ဇီမာက'' ရိုးရိုးသားသား ဝန်ခံရရင် အခုထိကျွန်တော်သူကစားတာကို တစ်ခါမှ မကြည့်ဖူးသေးပါဘူး။ ဒါပေမယ့် လူတွေပြောစကားအရ သူဟာ အတော်ကောင်းတဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့ အသက်မွေးဝမ်းကြောင်းမှု တစ်ဆင့်ခြင်း တိုးတက်လာမယ်လို့ မျှော်လင့်မိပါတယ်။ ဘောလုံးလောကဆိုတာ အသင်းကြီးတွေမှာ ကစားရင် ပိုခက်ခဲပါတယ်။ ကျွန်တော်ဟာ လိုင်ယွန် အသင်းမှာအရာအားလုံး စွမ်းဆောင်နိုင်ခဲ့ပြီလို့ ယူဆချိန် အသက်(၂၁)နှစ်ရောက်မှ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့တာပါ။ ဒါတောင် ကျွန်တော့်ရဲ့ ပထမတစ်နှစ်တာ ကာလကအတော်လေး ခက်ခဲခဲ့တာကြုံတွေ့ခဲ့ရပါတယ်။''ဟု ပြင်သစ်မီဒီယာ အာရ်အမ်စီသို့ ပြောကြားခဲ့သည်။
မေလဲ့သင်း-စုစည်းသည်
No comments:
Post a Comment