အစိုးရသစ် အပြောင်းအလဲနှင့်အတူ ယှဉ်တွဲတွေ့မြင်ရသည်က ကလေးစာပေ ပွဲတော်များ မြို့ကြီးများတွင် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပနေခြင်းဖြစ်ပါသည်။ အထူးကြိုဆိုထိုက်သော အစီအစဉ်များဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းဖြစ်ပေါ်ရန် မျှော်လင့်မိပါသည်။
မြန်မာနိုင်ငံ၏ စာပေဖွံ့ဖြိုးတိုးတက်ရေးကို စိတ်ဝင်စားကြသည့် နယ်ပယ်အသီးသီးက ပြည်သူအများအပြား စိတ်ဝင်တစားနှင့် ပါဝင်အားပေး တက်ရောက်ကြသည်ကိုလည်း တွေ့ရပါသည်။
စာပေဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံတကာရပ်ဝန်းမှာ နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့သည့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေး ကြီးသော ကိစ္စရပ်တစ်ခုဖြစ်သည်ဟု ထင်မြင်ပါသည်။
စာပေဖွံ့ဖြိုးတိုးတက်မှ အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မည်၊ အသိပညာဥာဏ် ဖွံ့ဖြိုးတိုးတက်မှ တိုင်းပြည်မှာ ပညာဥာဏ်ကြီးမြင့်သူများ ပိုမိုများပြားလာကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြံဆဆောင်ရွက်လုပ်ကိုင်နိုင်မည် ဆိုသည်မှာ အထူးရှင်းလင်းဖော်ပြရန် လိုမည်မထင်ပါ။
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုလိုအားသွန်ခွန်စိုက် ကြိုးပမ်းနေရချိန်မှာ တိုင်းပြည်နှင့် ပြည်သူ လူထု၏ ရေရှည်အကျိုးစီးပွားကို သိမြင်နားလည်လုပ်ကိုင်နိုင်သည့် ရင့်ကျက်ပြီး အမြော်အမြင်ကြီးသော ဦးနှောက်နှင့် အသိဥာဏ်ရှိသူ အများအပြား လိုအပ်လှပါသည်။
စာပေဟူသည် နိုင်ငံ၏ဦးနှောက်ဟူသော စကားရပ်ရှိသည်။ အဆိုပါ ဦးနှောက် ဖွံ့ဖြိုးတိုးတက်အောင် မည်သို့မည်ပုံ လုပ်ကြမည်နည်း။
မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် အမျိုးသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးက သော့ချက်တစ်ခုအဖြစ် နားလည်သိရှိပြီးသည့်နောက်တွင် အဆိုပါ အမျိုးသားစာပေဖွံ့ဖြိုးတိုးတက်ရေးကို မည်သို့မည်ပုံ အကောင်အထည် ဖော်ကြမည်နည်း။
အမြော်အမြင်ကြီးပြီး ရင့်ကျက်သည့် အနာဂတ်မျိုးဆက်သစ်များကို မည်သို့မည်ပုံ မျှော်လင့်နိုင်ကြမည်နည်း။
ဤမေးခွန်းအားလုံးအတွက် အဖြေမှာ အနာဂတ်မှာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်ဖြစ်ပါသည်။ အမျိုးသားစာပေဖွံ့ဖြိုးတိုးတက်ရေးသည် မြန်မာပြည် အနာဂတ်အတွက် မဖြစ်မနေလုပ်ဆောင်ကြရမည့် အရေးကြီးဆုံးကိစ္စတစ်ခု ဖြစ်သည်ဟု ယုံကြည်ယူဆသည်ဆိုပါလျှင် ထိုအနာဂတ်အတွက် ကလေးသူငယ် များထံမှာ အလုံးအရင်းနှင့် ရင်းနှီးမြှုပ်နှံကြဖို့ လိုမည်ဖြစ်ပါသည်။
အမျိုးသားစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးစာပေဖွံ့ဖြိုးတိုးတက် ရေးလုပ်ရန်မှာ အရေးကြီးဆုံးသော ဦးစားပေးလုပ်ငန်းဖြစ်သည်ဟု ယုံကြည်ပါသည်။
ကလေးများ ဖတ်စရာစာအုပ်များ များစွာထုတ်ဝေထားရှိဖို့ လိုနေပါပြီ။ စာဖတ်နေရခြင်းကို ကလေးများ နှစ်သက်ပျော်ရွှင်နေကြဖို့လိုပါမည်။ ယနေ့ခေတ် ပေါ်ဂိမ်းများ၊ ရုပ်မြင်သံကြားအစီအစဉ်များ မည်သို့ပင် ဆွဲဆောင်မှုအားကောင်း နေပါစေ၊ ကလေးများအတွက် အရောင်စုံ၊ အရုပ်စုံစာအုပ်များ ပေါပေါများများ ရှိနေမည်ဆိုပါက ဂိမ်းကစားနေသည့် ကလေးများ၊ ရုပ်မြင်သံကြားကြည့်နေသည့် ကလေးများ စာအုပ်များဘက်ကိုလည်း အချိန်တစ်ခုပေးကာ ဖတ်လာကြ မည်ဟု ယုံကြည်ပါသည်။
ကလေးစာအုပ်များများစားစားမရှိဘဲ ကလေးတို့၏ စာဖတ်လိုစိတ် မြင့်မား လာအောင် ဆွဲဆောင်နိုင်ရန် ခက်ခဲပါလိမ့်မည်။
ယနေ့ခေတ်လူငယ်များ စာမဖတ်ကြဘူးဟူ၍ လူကြီးအချို့က ပြောကြလေ့ရှိ ပါသည်။ ဤသည်မှာ စာမဖတ်သည့် လူငယ်များ၏ အပြစ်မဟုတ်ဘဲ ယင်းလူငယ် များ၏ ကလေးဘဝမှာ စာဖတ်ချင်စိတ်ကို လူကြီးများက မည်သို့ပျိုးထောင်ပေး သည်လဲဆိုသည်က အရေးကြီးပါသည်။ ကလေးများကို ဖတ်စရာစာအုပ်များထက် အခြားမည်သည်တို့ကို ပို၍များများဖန်တီးစီစဉ်ပေးထားခဲ့သည်လဲဆိုသည်ကို လူကြီးများက နားလည်ဖို့လိုပါမည်။
ကလေးဘဝမှာ ခုန်ပေါက်ပြေးလွှားကစားနိုင်အောင်၊ နှစ်လိုချစ်ခင်ဖွယ် စာအုပ်များ ဖတ်ရှုနိုင်အောင် လူကြီးများကိုယ်တိုင်က ဖန်တီးပေးဖို့လိုအပ်သည် မဟုတ်ပါလား။
ကလေးကစားကွင်းများ ရပ်ကွက်၊ မြို့၊ ရွာတိုင်းမှာ ပေါပေါများများ ရှိနေ အောင်၊ ကလေးစာအုပ် အရောင်အသွေးစုံစုံ အရုပ်များများ ဖတ်စရာများ ရှိနေအောင် နိုင်ငံတော်အစိုးရမှစပြီး ထူထောင်ဖန်တီးပေးရသည်များ ရှိပါလိမ့်မည်။
ရုပ်မြင်သံကြားအစီအစဉ်နှင့် ဂိမ်းကစားနည်းတို့ထဲတွင် ကလေးများ၏ဦးနှောက်ဖွံ့ဖြိုးတိုးတက်ဖို့ အစီအစဉ်များထည့်သွင်းပေးရန် လိုအပ်သလို၊ ကလေး စာအုပ်များလည်း များများဖန်တီးပေးဖို့ လိုပါမည်။ ကမ္ဘာကြီးကို ရင်ပေါင်တန်းဖို့၊ ကမ္ဘာကြီးကို သိနေဖို့ စာအုပ်တွေမဖတ်မဖြစ် ဖတ်ဖို့လိုအပ်သည်ဟု ယုံကြည်လျှင် ကလေးဘဝကတည်းက စာဖတ်ချင်စိတ်၊ စာပေမှာမွေ့လျော်စိတ်တို့ကို ပျိုးထောင်ဖို့လိုပါသည်။
ထို့ပြင် ကလေးစာပေထုတ်ဝေရေးမှာ အစိုးရက ဝင်ရောက်ကူညီဖို့ လိုပါမည်။ ကလေးစာအုပ်များနှင့် ပတ်သက်လျှင် အခွန်အခများကို လုံးဝလျှော့ချ ပစ်သည်မျိုးစဉ်းစားဖို့လိုပါပြီ။ နိုင်ငံတကာက ကလေးစာအုပ်များကို တင်သွင်းလာ သည့်အခါ အခွန်အခလျှော့ချခြင်းမျိုး၊ အခွန်အခကင်းလွတ်စေခြင်းမျိုး စဉ်းစားဖို့ လိုပါပြီ။ သည်လိုကိစ္စမျိုးများကို လွှတ်တော်တွင်းမှာ ဆွေးနွေးကြပြီး ဥပဒေပြဋ္ဌာန်း စရာရှိလျှင် ပြဋ္ဌာန်းဖို့လိုပါပြီဟု ထင်မြင်ယုံကြည်မိပါကြောင်း။
No comments:
Post a Comment