Monday, March 27, 2017

တိုင်းရင်းသားပေါင်းစုံ ရဟန်း၊ သာမဏေ၊ သီလရှင် အပါး ၂ဝ၂ဝတို့အား သာသနာ့ဘောင်သွတ်သွင်းသည့် ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာကျင်းပ




ရှမ်း(တောင်) မတ် ၂၆


သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး ခရိုင် ဖယ်ခုံမြိ့နယ် ရီလုံရီကန်ကျေးရွာ အုပ်စု လကျီနွဲ့ကျေးရွာ လကျီနွဲ့ သာသနာပြုကျောင်းတိုက်၌ ကျင်းပ သည့် တိုင်းရင်းသားပေါင်းစုံ ရဟန်း၊ သာမဏေ၊ သီလရှင်အပါး ၂ဝ၂ဝတို့အား သာသနာ့ဘောင်သွတ်သွင်းသည့် ရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာ အခမ်း အနားသို့ တက်ရောက်သည်။ 

ရှေးဦးစွာ ဆံချမင်္ဂလာအခမ်းအနား ကျင်းပရာ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း (ဗဟို)ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေနှင့် အလှူရှင်တို့က ရှင်သာမဏေ လောင်းများအား ဆံချမင်္ဂလာ ဆောင်ရွက်ပေးပြီး နာဂလိုဏ်ဂူ ကလေးဝတောရဆရာတော် ဘဒ္ဒန္တ ဇာဂရာဘိဝံသက ဦးဆောင်၍ ရှင်သာမဏေများအား သာသနာ့ဘောင် သို့ သွတ်သွင်းပေးသည်။

ဆက်လက်၍ ရဟန်းတော် ၂၆၆ ပါး၊ သာမဏေ ၉၇၈ ပါး၊ သီလရှင် ၇၇၆ ပါးတို့၏ ရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပရာ ဧည့် ပရိသတ်များက နာဂလိုဏ်ဂူ ကလေးဝ တောရဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေတို့က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို နှင့် ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင် သန်းမောင်တို့က ဒေသဖွံ့ဖြိုးရေး အတွက် အလှူငွေများ ပေးအပ်လှူဒါန်း သည်။

ယင်းနောက် ဧည့်ပရိသတ်များက နာဂလိုဏ်ဂူကလေးဝတောရ ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ကြွရောက်တော် မူလာကြသည့် ဆရာတော် သံဃာ တော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ကယားပြည်နယ် လွိုင်ကော်မြို့ ကုန်းသာတောင်မော့ ပြည်နယ်ဗဟို သာသနာပြုကျောင်း တိုက်ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တဉာဏအား လှူဖွယ်ဝတ္ထုပစ္စည်း များ ဆက်ကပ်လှူဒါန်းသည်။ဆက်လက်၍ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် 
 လွိုင်ကော် မြို့ပေါ်ရှိ လွိုင်ကော်ကက်သလစ်သာ သနာကျောင်းတိုက်၊ လွိုင်ကော်နှစ်ခြင်း ခရစ်ယာန်အသင်းတော်၊ ကယားဖူး နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အင်္ဂလိကန်အသင်းတော်နှင့် သတ္တမနေ့ ဥပုသ်အသင်းတော်တို့မှ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များနှင့် ကက်သလစ်သာသနာကျောင်းတိုက် အစည်းအဝေးခန်း၌ တွေ့ဆုံသည်။ 

ပြည်ထောင်စုဝန်ကြီးက ခရစ်ယာန် အသင်းတော်များအား အလှူငွေပေး အပ်လှူဒါန်းရာ အသင်းတော်များ ကိုယ်စား ကယားဖူးနှစ်ခြင်းခရစ်ယာန်အသင်းတော်မှ ဆရာတော် ဦးခူးရယ် ကျော်ထူးက ကျေးဇူးတင်စကား ပြောကြားသည်။ 

အဆိုပါအခမ်းအနားသို့ ကယား ပြည်နယ်ဝန်ကြီးချုပ်၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ကယားပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment