Sunday, March 26, 2017

အေးငြိမ်းနန္ဒာဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်အခမ်းအနားကျင်းပ





 တောင်ကြီး မတ် ၂၅


 အေးငြိမ်းနန္ဒာ ဆုတောင်းပြည့်စေတီတော်ရွှေထီးတော်တင် နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ပိုင်း ၊ တောင်ကြီး ခရိုင် ဖယ်ခုံမြို့နယ် ရီလုံရီကန်ကျေးရွာအုပ်စု လကျီနွဲ့ သာသနာပြုကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ နာဂလိုဏ်ဂူ ကလေးဝတောရ ဆရာတော် ဘဒ္ဒန္တဇာဂရာဘိဝံသ မဟာထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော် အရှင် သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။ 

 ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်ဇနီး ဒေါ်မြင့်မြင့်ရီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဋ္ဌ ဒေါက်တာခင်ရွှေ၊ ပံ့ပိုးအလှူရှင် ချယ်ရီ FM မှ ဦးတိုးနိုင်မန်း၊ ဒေါ်ဇေဇင်လတ်မိသားစုနှင့် အလှူရှင်တို့က ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို သံဃာတော်အရှင်သူမြတ် များထံ ဆက်ကပ်လှူဒါန်းကြသည်။

 ယင်းနောက် မင်္ဂလာအချိန်တွင် ဒုတိယကျိုက်ထီးဆောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနာဂဒီပ (အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ)ဦးဆောင်၍ ဘုရားဒါယိကာများက ဌာပနာတော် များကို အစီအစဉ်အတိုင်း သွင်းလှူပူဇော်ကြကာ ပရိတ် နံ့သာရည်များ ပက်ဖျန်းပူဇော်သည်။

 ဆက်လက်၍ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ငှက်မြတ်နား တော်နှင့် ရတနာစိန်ဖူးတော်တို့ကို တင်လှူကြပြီး သံဃာတော် အရှင်သူမြတ်တို့ ဦးဆောင်၍ ဇယန္တော ဗောဓိယာမူလေ အစချီသည့် ဇယမင်္ဂလာအောင်ဂါထာတို့ကို ရွတ်ဆိုပူဇော်ပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်း မောင်၊ လွှတ်တော်ကိုယ်စားလှယ် များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment