နေပြည်တော် မတ် ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ဖက်ဒရယ်စနစ်ကို
သိရှိနားလည်စေရန်ရည်ရွယ်၍ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊
အီးဘီအို(မြန်မာ)နှင့် Forum of Federation တို့ ပူးပေါင်းကျင်းပသည့်
ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့
နံနက်ပိုင်းတွင် နေပြည်တော်ရှိ Royal President Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကိုယ်စား တိုင်းရင်းသားအခွင့်အရေးများ
ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါက်တာအယ်လ်တူးမိန်းဂေါင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး၊
အီးဘီအို(မြန်မာ)မှ Operation Director ဗစ်တာဗျက်လျန်းနှင့် Forum
of Federation မှ Senior Trainer ဦးခိုင်ကျော်မိုးတို့က
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမှုနှင့် ဆောင်ရွက်မည့်အစီအစဉ်များကို
ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တက်ရောက်လာကြသူများအားလုံး
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲသို့
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၄ဝ
ပါဝင်တက်ရောက်၍ အလုပ်ရုံဆွေးနွေးပွဲတွင် ဖက်ဒရယ်စနစ်နှင့်
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ဖက်ဒရယ်စနစ်များအတွင်း မတူကွဲပြားမှုကို
စီမံခန့်ခွဲ ခြင်း၊ ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရတို့
လုပ်ပိုင်ခွင့်အာဏာနှင့် ဘဏ္ဍာငွေများ ခွဲဝေသုံးစွဲခြင်း၊ နိုင်ငံတကာရှိ
ဖက်ဒရယ်နိုင်ငံများကို လေ့လာခြင်းစသည့် အချက်များကို
ဆွေးနွေးပို့ချဆောင်ရွက်သွားမည်ဖြစ်သည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို မတ် ၂၆ ရက်အထိ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။ (သတင်းစဉ်)
No comments:
Post a Comment