Sunday, March 26, 2017

လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုဂရုပြု



Image may contain: text
လူမှုဘဝပတ်ဝန်းကျင်တွင် လူသားဖွံ့ဖြိုးမှုကို အလေးထားဂရုပြုရမည် ဖြစ်သည်။ လူအများနေထိုင်မှုမြင့်မားသည့် မြို့ပြများတွင် အသိအမြင် ဗဟုသုတများကို လူအများသိရှိနားလည်ကြပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်မှု အတိုင်းအတာတစ်ခုအထိ ရှိလိမ့်မည်ဟုခန့်မှန်းရသည်။ လူသားဖွံ့ဖြိုးမှု ဆိုသည်မှာ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းတို့ပင်ဖြစ်သည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ဒေသများအားလုံး၌ ပျမ်းမျှလူသား ဖွံ့ဖြိုးမှုတိုးတက်လာသော်လည်း ပြည်သူ ၁ ဒသမ ၅ ဘီလီယံနီးပါးမှာ ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်း အခွင့်အရေးဆုံးရှုံးခြင်းတို့နှင့်အတူ ဆင်းရဲနွမ်းပါးမှု အခြေအနေအမျိုးမျိုးတို့တွင် ရပ်တည်နေထိုင်ကြရကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။
လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ကမ္ဘာလုံးရှိ လူသားများနှင့် ပတ်သက်သည့် လူသားများ၏ဝင်ငွေရရှိမှု အခြေအနေ၊ ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်သည့်အခြေအနေ၊ လူသားလွတ်လပ်ခွင့်ရရှိမှု အခြေအနေတို့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်က တိုင်းတာသည်။ မြန်မာနိုင်ငံတွင် လူသားဖွံ့ဖြိုးမှုအခြေအနေမှာ ယခင်ကာလများထက် အလယ်အလတ်အဆင့်သို့မြင့်တက်လာသော်လည်း အားရလောက်သည့် အခြေအနေသို့ မရောက်သေးချေ။
လူသားဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျရသည့်အကြောင်းအရင်းများတွင် အခွင့်အရေးဆုံးရှုံးနေသော လူအုပ်စုအချို့၊ အထူးသဖြင့် အမျိုးသမီးများ၊ တိုင်းရင်းသားလူနည်းစုများနှင့် ဝေးလံခေါင်သီသော နေရာဒေသများတွင် လူသားအကျိုးခံစားခွင့် အချိုးအစားမညီမျှမှုများပင်ဖြစ်သည်။ ယင်းတို့တွင် ဝင်ငွေရရှိရေး မသေချာမှုများနှင့် နောက်ဆက်တွဲ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်များရှိနေရာ ယင်းကို အလေးထားပြုပြင်နေသည်ကို တွေ့ရသည်။
အစိုးရသစ်၏ တစ်နှစ်တာကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုကို အထူးအလေးထားဖြန့်ကြက်၍ဆောင်ရွက်ပေးနေပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၏ ရလဒ်များအပေါ် ဆန်းစစ်သုံးသပ်ရန်နှင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ ထိုဆွေးနွေးပွဲတွင် ကျန်းမာရေးစောင့်ရှောက်မှုများအား ဗဟိုတစ်ခုတည်း၏အမြင်မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင်များကိုပါ ဖော်ထုတ်ခြင်းဖြစ်၍ လက်တွေ့ကျပေသည်။
ကျန်းမာရေးကဏ္ဍမှ ပြည်သူများအားလွှမ်းခြုံဆောင်ရွက်ပေးရာတွင် တစ်နှစ်တာကာလအတွင်း အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိပေလိမ့်မည်။ အထူးသဖြင့် အလှမ်းဝေးသောမြို့များနှင့် ဝေးလံခေါင်သီသောဒေသများတွင် လိုအပ်ချက်များရှိနိုင်ပေသည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ရာ၌ ကျန်းမာရေး ဝန်ထမ်းများဖြည့်ဆည်း ဆောင်ရွက်ပေးမှုနှင့် ဗဟိုနှင့်အောက်ခြေဒေသများ ဆက်သွယ်ဆောင်ရွက်မှု အားနည်းမှုများအပေါ် ဖြည့်စွက်ဆွေးနွေးနိုင်မှုမှာ ပွင့်လင်းမြင်သာရာ ရောက်ပေသည်။
အားနည်းမှုများတွင် တစ်နေရာမှတစ်နေရာသို့ ဆေးနှင့်ဆေးပစ္စည်းများ သယ်ယူပို့ဆောင်မှု၊ ထုတ်ယူသုံးစွဲမှုတို့ရှိရာ စနစ်တကျဖြစ်စေရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းသည် ကောင်းမွန်ပေသည်။ အထူးသဖြင့် ကျေးလက်ကျန်းမာရေးဌာနများ၏ လိုအပ်ချက်များကို စဉ်ဆက်မပြတ် သုံးသပ်ကြရန်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ အောင်မြင်တိုးတက်မှုသည် ကျေးလက်ကျန်းမာရေးဌာနများတွင် ပြည်သူလူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအပေါ်တွင် မူတည်ပေသည်။
ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ ရလဒ်အပေါ်တွင် ဆန်းစစ်သုံးသပ်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် တစ်နှစ်တာအတွင်း ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်ရေးအတွက် အလေးထားဆောင်ရွက်မှုများပင်ဖြစ်သည်။ ထို့အပြင် လူသားဖွံ့ဖြိုးတိုးတက်ရေးနှုန်းစံများ မြင့်မားတိုးတက်လာစေရေးအတွက် အဓိကကျသည့် ကျန်းမာရေး ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်မှုများအဖြစ် ရှုမြင်ပါသည်။ ။

No comments:

Post a Comment