
မိတ္ထီလာ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် အထွေထွေရောဂါကုဆေးရုံကြီး၌ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မတ် ၂၄ ရက်နံနက် ၉ နာရီမှ ၁၁ နာရီအထိ ယင်းဆေးရုံကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် မိတ္ထီလာခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ၂ဝ၁၇ ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖွင့်ပွဲ မိန့်ခွန်းအား ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်စန်းစန်းဝေက ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မိတ္ထီလာခရိုင် ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေချိုခိုင် (ရောဂါနှိမ်နှင်းရေး-တီဘီဌာန)နှင့် မိတ္ထီလာခရိုင် မြန်မာနိုင်ငံဆရာဝန် များအသင်းမှ တီဘီတိုက်ဖျက်ရေး စီမံချက်အရာရှိ ဒေါက်တာ ခင်စိုးတို့က အမျိုးသား တီဘီတိုက်ဖျက်ရေးလုပ်ငန်း စဉ်များနှင့် တီဘီရောဂါအကြောင်း သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေး နွေးတင်ပြခဲ့သည်။
ထို့နောက် ၂ဝ၁၆ ခုနှစ်အတွင်း တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆုများချီးမြှင့်ခဲ့ရာ ကျန်းမာရေးဌာန ငါးခုနှင့် ကျန်းမာရေးဝန်ထမ်း သုံးဦး တို့ကို တီဘီရောဂါ ရှာဖွေတွေ့ရှိမှုနှုန်း အများဆုံးဆုနှင့် ဆေးကုသမှု ပျောက်ကင်းနှုန်းအများဆုံးဆုတို့အား လည်းကောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (MHAA-UNOPS) မိတ္ထီလာအဖွဲ့မှ စေတနာ့ဝန်ထမ်း ကျန်းမာရေးစောင့်ရှောက်ပေးသူ CTV သုံးဦးအား တီဘီသံသယလူနာနှင့် လူနာရှာဖွေတွေ့ရှိ မှုအများဆုံး ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးချီးမြှင့်ခဲ့ရာ ကျွန်းဖိုပင်ကျေးရွာမှ CTV ဦးအောင်ငွေက ပထမ၊ မကျီးစု ကျေးရွာမှ CTV ဦးဝင်းမောင်က ဒုတိယ၊ ပြည်သာယာမှ CTV ဒေါ်အေးအေးထွန်းက တတိယဆုများကို အသီးသီး လက်ခံရယူခဲ့သည်။
(ရာဇဖွား)
No comments:
Post a Comment