ပဲခူးမြစ်ဝှမ်းဒေသနှင့် စစ်တောင်းမြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တစ်နှစ်တာ
(မောင်မောင်မြတ်သူ)
ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်နေသည့် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် နိုင်ငံတော်စီမံကိန်းတစ်ခုဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွက်သာမက တစ်နိုင်ငံလုံးအတွက် အကျိုးရှိစေမည့် စီမံကိန်းကြီး ဖြစ်သည်။
လက်ရှိလေယာဉ်ကွင်းပတ်လမ်းထိုးခြင်းလုပ်ငန်းမှာ ၈ဝ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလတွင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် အပြီးသတ်စာချုပ်ချုပ်ဆို ခြင်းနှင့် လေဆိပ်အဆောက်အအုံများကို စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်း
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း က ''ဒေသအတွင်း အလုပ်အကိုင် အခွင့် အလမ်း တိုးပွားနိုင်ဖို့ ခရိုင်မြို့ကြီးဖြစ်တဲ့ ပဲခူး နဲ့ ပြည်ခရိုင်တို့အတွင်းမှာရှိတဲ့ စက်မှုဇုန်တွေ မှာ ပြည်တွင်းနဲ့ နိုင်ငံတကာလုပ်ငန်းရှင်တွေ အနေနဲ့ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ပူးပေါင်းပြီး စနစ်တကျ စီမံခန့်ခွဲလျက်ရှိပါတယ်။ အဲဒီလေဆိပ်ကြီး ပြီးစီးသွားရင် ပြည်သူတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာမှာဖြစ်ပါတယ်''ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးတွင် လူမှုစီးပွားရေး နယ်ပယ်အသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်အတွက် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် စက်မှုကဏ္ဍတို့ ဘက်ညီမျှတစွာတိုးတက်လာစေရေး၊ လျှပ်စစ်ဓာတ်အားနှင့် လမ်းများစသည့်အခြေခံစီးပွားရေး အဆောက်အအုံများ လျင်မြန်စွာတိုးတက်လာစေရန် ဦးစားပေး ဆောင်ရွက်ရေး၊ စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ သဘာဝပတ်ဝန်းကျင်များကို ရေရှည်ထိန်းသိမ်းနိုင် ရေးတို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
တိုင်းဒေသကြီးအတွင်း ကမ္ဘာ့ဘဏ်၊UNDP၊UKAID တို့နှင့်ပူးပေါင်းပြီး ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ပြည်သူနှင့် အစိုးရအကြား ဆက်သွယ်ပေါင်းကူးနိုင်သည့် စနစ်များ၊ ဘဏ္ဍာငွေသုံးစွဲနိုင်မှုစနစ်များကို နိုင်ငံတကာစံချိန်မီဖြစ်စေရေး စတင်ဆောင် ရွက်နေပြီဖြစ်သည်။
ပိုလျှံငွေ ကျပ် ၃၃၁၃၉ သန်း
လုပ်ကွက်ငယ်တောင်သူများအား နိုင်ငံတကာအဖွဲ့အစည်းများမှ စိုက်ပျိုးရေးစနစ် ဘဏ္ဍာငွေနှင့် ဈေးကွက်ခိုင်မာရေးကိစ္စများ ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်သည်။ စိုက်ပျိုး ရေး၊ မွေးမြူရေးအနေဖြင့် အသုံးစရိတ်များက စနစ်တကျစိစစ်ဆောင်ရွက်နိုင်ခဲ့သောကြောင့် ပိုလျှံငွေ ကျပ် ၃၃၁၃၉ သန်းကို လုပ်ငန်း ၉ဝ အတွက် ပိုမိုဆောင်ရွက်ပေးနိုင်ခဲ့သည်။

''လယ်ယာကဏ္ဍ ပြုပြင်ပြောင်းလဲဖို့အတွက် လူထုဗဟိုပြုလေ့လာရေးဌာနတွေ တစ်မြို့နယ်တစ်ခုစီနဲ့ စုစုပေါင်း ၂၈ ခု ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ တောင်သူလယ်သမားတွေ မျိုး လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်မယ့် မျိုးစေ့ ထုတ် စိုက်ကွက်တွေကို တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကတစ်ဆင့် ဖော်ထုတ် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ စက်မှုလယ်ယာ ဦးစီးဌာနကနေ အဆင့်မြင့်လယ်ယာဧက ၃၅ဝ ကို ရာသီအချိန်မီ စိုက်ပျိုးနိုင်ရေး ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော် အတွက် ထိရောက်မှုမရှိတဲ့ လျှပ်စစ်မြစ်ရေတင် စီမံကိန်း ၃၈ ခုကိုလည်း ဖျက်သိမ်းနိုင်ခဲ့ ပါတယ်''ဟု တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်။
လိုက်နာကျင့်သုံး
အုပ်ချုပ်ရေးမဏ္ဍိုင်၏ ပြုပြင်ပြောင်းလဲ ရေးအတွက် အခြေခံကျသော ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအား စွမ်းဆောင် ရည်မြှင့်သင်တန်းများကို မြို့နယ်အသီးသီး တွင် ပို့ချနိုင်ခဲ့သည်။ ဒီမိုကရေစီနှင့်ပတ်သက်သော အလေ့အကျင့်များလိုက်နာကျင့်သုံးရန် ဒေသဖွံ့ဖြိုးရေးခရီးစဉ်များတွင်လည်းကောင်း၊ ဌာနဆိုင်ရာအစည်းအဝေးများတွင် လည်းကောင်း ဆွေးနွေးပြောကြားနိုင်ခဲ့သည်။
တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ ၂ဝ၁၆ ခုနှစ် ဇွန် ၂၃ ရက်က ဝေါမြို့နယ် သရဲသမိန်ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သော ဘာသာရေးပဋိပက္ခကို တိုင်းဒေသကြီး အစိုးရအဖွဲ့က စနစ်တကျဖြေရှင်းပေး နိုင်ခဲ့သည်။

၂ဝ၁၆ ခုနှစ် ပဲခူးတိုင်းဒေသကြီးအတွင်း ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အရည် ပျော်၊ အခဲစိတ်ကြွရူးသွပ်ဆေး၊ ဘိန်းမည်းများ စသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံ စုစုပေါင်း ၁၇၃ ဦးအား ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။
ဥပဒေပြုရေးနှင့်ပတ်သက်၍ ပဲခူးတိုင်း ဒေသကြီး၏ စည်ပင်သာယာရေးဥပဒေကို လွှတ်တော်ဥပဒေအမှတ် (၄) ဖြင့် ပြဋ္ဌာန်း ပေးနိုင်ခဲ့ပြီး နည်းဥပဒေထုတ်ပြန်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ပဲခူးတိုင်း ဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဥပဒေမူကြမ်းကို တိုင်းဒေသကြီးလွှတ်တော် တွင် စီစစ်ဆောင်ရွက်လျက်ရှိသည်။
စံချိန်စံညွှန်းပြည့်မီအိမ်ရာ
ဝန်ထမ်းများအတွက် စံချိန်စံညွှန်းပြည့်မီသော အိမ်ရာများကို တည်ဆောက်ပေးနေသည်။ ပြည်သူလူထုအတွက်လည်း အိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

''ပဲခူးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လမ်း၊ တံတား၊ အဆောက်အအုံတွေ စနစ်တကျ ရှိစေဖို့အတွက် ပဲခူးတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကြီးကြပ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ နိုင်ငံတကာပညာရှင်တွေနဲ့ ညှိနှိုင်းရေးဆွဲလျက်ရှိပါတယ်''ဟု တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က ပြောသည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး၏ လမ်းလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက် အနေဖြင့် အမာခံလမ်း၊ ကျောက်လမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင်ခြင်း၊ ၁၂ ပေ အကျယ်မှ ၁၈ ပေအကျယ်ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း၊ ၁၂ ပေအကျယ် ကတ္တရာ လမ်း ထပ်ပိုးလွှာခင်းခြင်းဆောင်ရွက်နိုင်ခဲ့ပြီး သံကူကွန်ကရစ်တံတား ၄၉ စင်း၊ ပိုက်ရေပြွန် တံတား ၅၄ စင်း တိုးတက်ဆောင်ရွက်နိုင်ခဲ့သည်။
ဌာနဆိုင်ရာဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန်အတွက် တိုက်ခန်း ၂၄ဝ ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ယခင်နှစ်ရေကြီးမှုကြောင့် ကျိုးပေါက်ခဲ့သော တာတမံနှစ်ခုကို မိုးမကျမီ ငွေကျပ် ၅၄၅ သန်းကျော် အကုန်အကျခံကာ အချိန်မီ ပြုပြင်ပေးနိုင်ခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ် ပျက်စီးသွားခဲ့သည့် လယ်ယာမြေများအတွက် ကျပ်သန်း ၁ဝ၁၆ သန်းကျော်နှင့် အရန်မျိုးစပါး တင်း ၁၆ဝဝဝ ကို ဖြန့်ဖြူးပေးနိုင်ခဲ့သည်။
လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တင်ပြတိုင်ကြားသည့် အမှုတွဲပေါင်း ၁၂ဝ၇ မှုမှ ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး အဖွဲ့များသို့ အမှုတွဲပေါင်း ၈၈၁ မှုကို စိစစ် တင်ပြရာ စိစစ်ပြီးသော အမှုတွဲပေါင်း ၁၁၇ မှုတွင် ဆုံးဖြတ်ပြီး အမှုတွဲပေါင်း ၇၁ မှုနှင့် ဆုံးဖြတ်ရန်ကျန်သော အမှုတွဲပေါင်း ၄၆ မှု ရှိသည်။
ကူးပြောင်းဆောင်ရွက်
စိုက်ပျိုးရေးကဏ္ဍတွင် ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံနိုင်ရန် Conventional Agri- culture မှ Commercial Agriculture ဆီသို့ ကူးပြောင်းဆောင်ရွက်နိုင်ရန် နည်းဥပဒေပြုစုခြင်းများ ဆောင်ရွက်လျက်ရှိသည်။
တောင်သူများအတွက် တရားမဝင် ပိုးသတ်ဆေး၊ မြေဆီမြေသြဇာများ ဖမ်းဆီးတားမြစ်ခြင်း၊ တောင်သူများ အကျိုးအမြတ် ပေါ်လာရေးရည်မျှော်၍ ကိုယ်ပိုင်စိုက်ခင်းများအား မျိုးစေ့အဖြစ် သန့်စင်ပေးနိုင်ရေးအတွက် နည်းပညာ အထောက်အကူပြုပစ္စည်းများဖြင့် တောင်သူများကို အသိပညာပေးလုပ်ငန်းများ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများတွင် တိုင်းဒေသကြီး မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ထရန်စဖော်မာများ၊ Cable ကြိုးများနှင့် အခြားဆက်စပ်ပစ္စည်းများအား တင်ဒါခေါ်ဝယ်ယူလုပ်ဆောင်ခဲ့ရာ အရည်အသွေးပြည့်မီသည့် ပစ္စည်းများရရှိခဲ့ ပြီး ပိုလျှံငွေအား တိုင်းဒေသကြီးအတွင်းရှိ လိုအပ်ချက်ရှိသော ဒေသများအတွက် ဓာတ်အားလိုင်း အဆင့်မြှင့်တင်ခြင်း၊ အသစ် သွယ်တန်းတပ်ဆင်ခြင်းများတွင် အသုံးပြု သွားမည်ဖြစ်သည်။
တင်ဒါပိုလျှံငွေကျပ် ၂ ဒသမ ၉ ဘီလီယံ
တိုင်းဒေသကြီး ဝန်ကြီးချုပ်က ''လျှပ်စစ် ကဏ္ဍအနေနဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း တင်ဒါပိုလျှံငွေကျပ် ၂ ဒသမ ၉ ဘီလီယံကို ဒေသအတွင်းမှာ လိုအပ်တဲ့ဓာတ်အားလိုင်း အဆင့်မြှင့်တင်ဖို့၊ အသင့်သွယ်တန်းတပ်ဆင် ဖို့နဲ့ ကျေးရွာမီးလင်းနိုင်ဖို့အတွက် ဆောင်ရွက် ပေးလျက်ရှိပါတယ်''ဟု ပြောသည်။
သယံဇာတ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ် တန် ၆ဝဝဝ နီးပါးသိမ်းဆည်းရမိခဲ့ပြီး ယင်းသစ်များကို ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သော စာသင် ကျောင်း၊ ဆေးရုံ၊ လမ်း၊ တံတား၊ ဌာနဆိုင်ရာ အဆောက်အအုံနှင့် ပြည်သူများသုံးစွဲရန်အတွက် စနစ်တကျစီမံခန့်မှန်းပေးနိုင်ခဲ့သည်။

ဆင်စခန်းများ
မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ပဲခူးရိုးမ အတွင်း ၁ဝ နှစ်တာ သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားနိုင်ခဲ့ပြီး ပြည်သူများအပန်းဖြေ လေ့လာနိုင်ရန် ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး တွင် ဝင်္ဂဘောဆင်စခန်း၊ တောင်ငူမြို့အနီးရှိ ဖိုးကျားဆင်စခန်း၊ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီးဘေး မိုင်တိုင် (၁ဝ၅)တွင် မှော်ရော ကြီး ဆင်စခန်းနှင့် မြိုင်ဟေဝန်ဆင်စခန်းများ အား ဖွင့်လှစ်ပေးနိုင်ခဲ့သည်။
''နိုင်ငံတော်က သစ်ထုတ်လုပ်ခြင်းကို ၁ဝ နှစ်ရပ်ဆိုင်းထားတဲ့အတွက် သစ်ထုတ် လုပ်ငန်းမှ ဆင်တွေကို ဆင်စခန်းလေးခုဖွင့်လှစ်ပြီး ပြည်သူတွေအပန်းဖြေနိုင်ဖို့ စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။ တောဆင်ရိုင်းတွေ ဖမ်းဆီးသတ် ဖြတ်ခြင်းမှ ကာကွယ်ရေးအစီအစဉ်အရ ဆင်မုဆိုးအဖွဲ့ နှစ်ဖွဲ့ကို ဖမ်းဆီးအရေးယူနိုင် ခဲ့ပါတယ်''ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြို့နယ် ၂၈ မြို့နယ်မှ ကျေးရွာ ၂၈ ရွာကို မြေငှားဂရန် ၁၈ဝ၄ ခု ထုတ်ပေး နိုင်ခဲ့သည်။ လူအများသောက်သုံးနေသော ကန်တော်ကြီးရေကန်အား စနစ်တကျစီမံခန့်ခွဲ နိုင်ရန် ကန်တော်ကြီးကန်နှင့်အနီးတစ်ဝိုက် ရေဝေရေလဲဒေသအား အစိုးရ၏စီမံခန့်ခွဲမှု အောက်ရောက်ရှိစေရန် စီမံဆောင်ရွက်နိုင်ခဲ့သည်။
သဘာဝအခြေခံခရီးသွား
မိုးယွန်းကြီး သဘာဝထိန်းသိမ်းရေး ရေတိမ်ဒေသကိုအခြေခံ၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပဲခူးမြစ်ဝှမ်းဒေသနှင့် စစ်တောင်းမြစ်ဝှမ်းဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းနိုင်ရေးအတွက် ယာဉ်မောင်း သင်တန်းကျောင်း ငါးကျောင်းကို ဖွင့်လှစ်ပေး နိုင်ခဲ့ပြီး ခရိုင်မြို့နယ်များအတွင်းရှိ ပြည်သူ လူထုနှင့် အခြေခံပညာ ကျောင်းသား ကျောင်း သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်း အကြိမ်ပေါင်း (၄၃၈)ကြိမ် ဆောင်ရွက်နိုင်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးကြီးကြပ်စိစစ်ရေးဌာနမှ ပြည်သူများ သက်ရှည်ကျန်းမာစွာ နေထိုင်အလုပ်လုပ်နိုင်ရေးအတွက် အစားအစာ ဆေးဝါးများကို ခရိုင်၊ မြို့နယ်များအလိုက် ဈေး များ၊ အခြေခံပညာကျောင်းများသို့ (၃၂) ကြိမ် ကွင်းဆင်းစစ်ဆေးခြင်း၊ အစားအသောက် များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ကျပ်သိန်း ၃ဝဝ နှင့်အောက် လေလံလမ်း၊ တံတားဂိတ် ကိုးဂိတ်ကို လမ်း၊ တံတားအသုံးပြုခကောက်ခံ ခွင့် ရုပ်သိမ်းခြင်းများကို ဖြေလျှော့ဆောင်ရွက် ပေးခဲ့သည်။
''ပညာရေးကဏ္ဍအနေနဲ့ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွင်းမှာ အထက်တန်းကျောင်း (ခွဲ) ၁၉ ကျောင်း၊ အလယ်တန်းကျောင်း သုံး ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) လေး ကျောင်း၊ မူလတန်းလွန်ကျောင်း ၄၄ ကျောင်း၊ မူလတန်းကျောင်း ၃ဝ၊ မူလတန်းကျောင်း(ခွဲ)၃၅ ကျောင်း စုစုပေါင်း ၁၇၂ ကျောင်း အဆင့် တိုးမြှင့်ခွင့်ရခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာနဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကုသရေး၊ ကျန်းမာ ရေးဌာနများအနေနဲ့ စံကိုက်ဆေးရုံများ၊ ကျေးလက်ကျန်းမာရေးလုပ်ငန်းများ၊ ဌာနများ၊ ဌာနခွဲများဆောက်လုပ်ပေးနိုင်ခဲ့ပါ တယ်''ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး
ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ရာ၌ တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများအလိုက် တူညီသည့်ခံယူချက်၊ ယုံကြည်ချက်များဖြင့် လက်တွဲဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံသို့ တင်ပြနိုင်ရန် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်က ''ဒုတိယ အကြိမ် (၂၁)ရာစု ပင်လုံညီလာခံအကြို ဒေသ အလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို ဖေဖော်ဝါရီ ၂၆ ရက်ကနေ ၂၈ ရက်အထိ တောင်ငူမြို့ ပညာရေးကောလိပ်မှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်''ဟု ပြောသည်။
''ကျွန်တော်တို့တိုင်းဒေသကြီးအစိုးရအနေ နဲ့ ပြည်သူ့အတွက် ပထမတစ်နှစ်တာကာလ အတွင်းမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဥပဒေပြုရေးနဲ့ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ ပေးတာ၊ လူမှုစီးပွားဘဝဖြေလျှော့ပေးတာတွေကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် တွေ့ကြုံခဲ့ရတဲ့အခက်အခဲ၊ အားနည်းချက်တွေကို သင်ခန်းစာယူပြီး လာမယ့် နှစ်တွေမှာ ပြည်သူ့အတွက် ပိုမိုအကျိုးပြုနိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်က ပြောကြားခဲ့ပါကြောင်း ရေးသားတင်ပြလိုက် ရပါသည်။

No comments:
Post a Comment