Friday, March 24, 2017

စပါးခွံလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဆန်စက်ရှိရာဒေသများတွင် တည်ဆောက်နိုင်ပါက ကျေးလက်လျှပ်စစ်မီးရရှိလာနိုင် ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စပါးခွံလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့ရေးစီစဉ်


Image may contain: 10 people, people standing
နေပြည်တော် မတ် ၂၃
စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်ဝင်းအတွင်း၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ၂ဝ၁၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှစ်စစ်ဓာတ်အား အမြင့်ဆုံးလိုအပ်ချက်မှာ မဂ္ဂါဝပ် ၃၁ဝဝ ခန့်ရှိလာနိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ ထုတ်လုပ်နိုင်မှုမှာ ၂၈၅၆ မဂ္ဂါဝပ်ရှိသဖြင့် ၂၄၄ မဂ္ဂါဝပ် ဓာတ်အားလိုအပ်ချက်ဖြစ်ပေါ်နေပါ ကြောင်း၊ စပါးခွံလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ဆန်စက်များစွာတည်ရှိရာ ဒေသများတွင် တည်ဆောက်နိုင်ပါက ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိ လာနိုင်မည်ဖြစ်ကြောင်း၊ အလားတူစီမံကိန်းများ ဆောင်ရွက်မည်ဆိုပါက ဝန်ကြီး ဌာနအနေဖြင့် လိုအပ်သည့်အကူအညီများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ကူညီပေးမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်ဥက္ကဋ္ဌ ဦးချစ်ခိုင်က လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို စွန့်ပစ်ပစ္စည်းစပါးခွံမှ ထုတ်ယူ သုံးစွဲခြင်းဖြစ်သည့်အတွက် မဟာဓာတ်အားလိုင်းမှ ဓာတ်အားရယူသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ စပါးခွံများ မီးရှို့ဖျက်ဆီးပါက သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းထိခိုက်ပါကြောင်း၊ ယခုစက်ရုံသည် စပါးခွံများကို စနစ်တကျ အဆင့်မြင့်နည်းပညာဖြင့် လောင်ကျွမ်းစေခြင်းဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ပါကြောင်း၊ စက်ရုံမှ လျှပ်စစ် ဓာတ်အား သုည ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်ရရှိသည့် လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်း လီမိတက်၏ ဆန်စက်လည်ပတ်ရာတွင် အသုံးပြုမည်ဖြစ်ကာ ပိုလျှံဓာတ်အားကို အနီးဝန်းကျင်များသို့ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြသည်။
ဂျပန်နိုင်ငံ Yanmar ကုမ္ပဏီမှ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထွက်ရှိနိုင်မည့်မဂ္ဂါဝပ်နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုလျှော့ချနိုင်မည့်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်း အနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒေါက်တာ သန်းမြင့်၊ မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် ဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် ဂျပန်နိုင်ငံ Yanmar ကုမ္ပဏီမှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် တာဝန်ရှိသူများက စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြပြီး စက်ရုံ၏ ကမ္ပည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် ဒုတိယသမ္မတသည် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံအား လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လျှပ်စစ်ဓာတ်အား ထုပ်လုပ်မည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းတင်ပြကြသည်။
မြန်မာနိုင်ငံတွင် စပါးခွံများကို မြစ်ချောင်းများအတွင်း အလွယ်တကူ စွန့်ပစ်မှုကြောင့် ရေထုညစ်ညမ်းပြီး ရေနေသတ္တဝါများသေဆုံးခြင်း၊ စပါးခွံ များကို ကွင်းပြင်တွင် မီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းခြင်းများဖြစ်ပေါ်နေ ကြောင်း၊ စပါးခွံများ ပေါများစွာရရှိသည့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တိုးချဲ့တည်ဆောက် နိုင်ရေးစီစဉ်နေကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့တွင် တည်ဆောက်နေသော ၂ ဒသမ ၂ မဂ္ဂါဝပ်ထွက်ရှိမည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှုမှာလည်း ၉၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယနေ့ဖွင့်လှစ်ပေးလိုက်သည့် စပါးခွံလောင်စာသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဂျပန်နိုင်ငံ၏နောက်ဆုံးပေါ်နည်းပညာဖြင့် တည်ဆောက်ထားပြီး လျှပ်စစ်ဓာတ်အား သုည ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment