
ဝေလအသင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် ပွဲစဉ်တွင် အိုင်ယာလန်အသင်းခေါင်းဆောင် ဆီးမက်စ် ကိုးလ်မန်း ခြေထောက်ကျိုးသွားခဲ့ပြီး ဆိုရွားလွန်းသည့်ဒဏ်ရာဖြစ်သည်ဟု အိုင်ယာလန်နည်းပြ မာတင်အိုနေးလ်က အတည်ပြုပြောကြားခဲ့သည်။
အသက်(၂၈)နှစ်အရွယ် ကိုးလ်မန်း ခြေထောက်ကျိုးသွားခဲ့ခြင်းက ဥရောပဝင်ခွင့်တစ်နေရာအတွက် ရုန်းကန်နေသည့် သူ၏ ကလပ်အသင်းအဲဗာတန်အသင်းအတွက် ကြီးမားသည့် ထိုးနှက်မှုလည်း ဖြစ်လာခဲ့သည်။
ပွဲကစားချိန် ၇၂ မိနစ်တွင် ဝေလနောက်ခံလူ နေးလ်တေလာ၏ ခြေစုံပစ်ဝင်မှုကြောင့် ကိုးလ်မန်း ခြေထောက်ရိုးကျိုးသွားခဲ့ရာ ဒိုင်လူကြီး ရစ်ဇိုလီက တေလာကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။
အဆိုပါ အဖြစ်အပျက် ဖြစ်လျှင်ဖြစ်ချင်း ဆေးအဖွဲ့ဝင်များ အလျင်အမြန် ရောက်ရှိလာပြီး ကိုးလ်မန်းကို အောက်ဆီဂျင်ပေး၊ ထမ်းစင်ဖြင့် သယ်ထုတ်ကာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ပေးခဲ့သည်။ နေးလ်တေလာက အိုင်ယာလန်အသင်းထိုင်ခုံသို့ လာရောက်ပြီး သူ၏ လုပ်ရပ်အတွက် တောင်းပန်ခဲ့သော်လည်း ပရိသတ်များကမူ မကျေနပ် နိုင်ကြဘဲ တေလာကို ကာလရှည် ပွဲပယ်ပြစ်ဒဏ်ကျခံလိုကြောင်း တွစ်တာစာမျက်နှာမှ တစ်ဆင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ကိုးလ်မန်း၏ ဒဏ်ရာရရှိမှုအပေါ် အဲဗာတန်အသင်းကစားဖော်များအပြင် ပရီမီယာလိဂ်ကစားသမားအတော်များများက ဝမ်းနည်းကြောင်း တွစ်တာစာမျက်နှာပေါ်တွင် ရေးသား ဖော်ပြခဲ့ကြသည်။ အိုင်ယာလန်နည်းပြ အိုနေးလ်ကလည်း ကိုးလ်မန်းခြေထောက်ကျိုးသွားခဲ့ခြင်း သည် အိုင်ယာလန်အသင်းအတွက် ကြီးမားသောဆုံးရှုံးမှုအဖြစ် အမည်တပ်ခဲ့သည်။
မေလဲ့သင်း
No comments:
Post a Comment