
မော်လမြိုင် မတ် ၂၄
ကလေးစာပေပွဲတော်(မော်လမြိုင်)ကို မတ် ၂၅ ရက် နံနက် ၉ နာရီတွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ကလေးစာပေပွဲတော်တွင် ကလေးများစာပေချစ်မြတ်နိုးစေရန် ရည်ရွယ်၍ ကလေးစာဖတ်ခန်းများအပြင် ကလေးများ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စေမည့် အစီအစဉ်များ လည်းပါဝင်ကြောင်း သိရသည်။
ထို့အပြင် ကလေးစာပေပွဲတော်အတွင်းကလေးစာပေများစွာရေးသားခဲ့သည့် ဆရာကြီးမင်းသုဝဏ်၏ စာပေလက်ရာများ၊ မှတ်တမ်းဓာတ်ပုံများ၊ ကလေးစာအုပ်ပြခန်း၊ 3D ပြခန်း၊ ကလေးစာဖတ်ခန်း၊ နည်းပညာမိတ်ဆက်ပြခန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးပြခန်း၊ ပဟေဠိ ဉာဏ်စမ်းပြိုင်ပွဲ၊ ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (SVA) တို့ ပူးပေါင်းသည့် ကလေးစာဖတ်ခန်း၊ မော်လမြိုင်မြို့နယ်ကိုယ်စားပြု စွန့်ပစ်ပစ္စည်းများကိုအသုံးပြုပြီး KG ကျောင်းသား ကျောင်းသူများအတွက် ပြခန်းများ၊ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ်ရာ ကတိုး၊ ကော့နှတ်ရွာပြခန်း၊ ချောင်းဆုံ မြို့နယ်ပြခန်း၊ ကျိုက်ထိုကိုယ်စားပြု ကလေးလက်လုပ် ပစ္စည်းပြခန်း၊ ရေးမြို့နယ် ပညာရေးပြခန်း အစင်မိသားစု (ရေလုပ်ငန်း)၊ ဘီးလင်းမြို့နယ် ဒေသထွက်ကုန်ပစ္စည်းများပြခန်း၊ မုဒုံမြို့နယ်ကိုယ်စားပြွု ကျောင်းသား ကျောင်းသူများအတွက်ပြခန်းများ၊ ကျိုက်မရောမြို့နယ် ကိုယ်စားပြု ပြခန်းများပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခေတ်အဆက်ဆက် ထုတ်ဝေခဲ့သော ကလေးစာပေများကိုလည်း တစ်မူထူးခြားစွာဖြင့် ခင်းကျင်းပြသသွားမည်ဖြစ်သည်။ ကလေးစာပေနှင့်ပတ်သက်၍ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သည့် ကလေးစာပေရေးသားခဲ့ကြသည့် အနုပညာရှင်များ၏ ဓာတ်ပုံများကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
(အောင်မင်းဟန်)
No comments:
Post a Comment