
ဆိုးလ် မတ် ၂၄
တောင်ကိုရီးယားနိုင်ငံ၌ ၂ဝ၁၄ ခုနှစ်က နစ်မြုပ်ခဲ့သော ကူးတို့သင်္ဘောတစ်စင်းကို ပြန်လည်ဆယ်ယူနိုင်ပြီဖြစ် ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂၄ ရက် တွင် သတင်းထုတ်ပြန်သည်။
လွန်ခဲ့သည့်သုံးနှစ်နီးပါးက နစ်မြုပ်ခဲ့ရသော ဆီအိုး အမည်ရှိ ကူးတို့သင်္ဘောကို တရုတ်နိုင်ငံမှ သင်္ဘောပျက် ဆယ်ယူရေးကုမ္ပဏီတစ်ခုက ဆယ်ယူရရှိနိုင်ရန် ကြိုးပမ်း ခဲ့သည်။
၂ဝ၁၄ ခုနှစ် ဧပြီ ၁၆ ရက်က တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းကမ်းလွန်၌ ခုတ်မောင်းနေစဉ် ဆီအိုးကူးတို့သင်္ဘော တိမ်းမှောက် နစ်မြုပ်မှု ဖြစ်ပွားခဲ့ရာတွင် လူပေါင်း ၃ဝ၄ ဦး သေဆုံးခဲ့ ကြရသည်။ သေဆုံးရသူအများစုမှာ လေ့လာရေးခရီး ထွက်လာကြသော ကျောင်းသား ကျောင်းသူလေးများ ဖြစ်ကြသည်။
ရေယာဉ်၏ ကြံ့ခိုင်မှု နည်းပါးခြင်း၊ အဆမတန် ဝန်တင်လာခြင်းနှင့် အလွန်လျင်မြန်စွာ ခုတ်မောင်းလာခြင်း တို့ကြောင့် သင်္ဘောနစ်မြုပ်ခဲ့ရခြင်းဖြစ်သည်။
သေဆုံးခဲ့ရသူများ၏ မိသားစုများက သင်္ဘောပျက်ကို ဆယ်ယူပေးရန် တောင်းဆိုခဲ့ကြပြီး မတော်တဆမှုဖြစ်ပွား ခဲ့ရသည့်အကြောင်းတရားများနှင့်ပတ်သက်၍ ဂဃနဏ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးရန် တိုက်တွန်းခဲ့ကြသည်။
သင်္ဘောနစ်မြုပ်မှုနှင့်အတူ ယနေ့တိုင် ပျောက်ဆုံး နေဆဲဖြစ်သော ရုပ်အလောင်းကိုးခုကို ပြန်လည်ရှာဖွေ တွေ့ရှိရမည်ဟု တာဝန်ရှိသူများက မျှော်လင့်ကြသည်။
သင်္ဘောပျက် ဆယ်ယူရေးအဖွဲ့သားများသည် မတ် ၂၂ ရက် နှောင်းပိုင်းတွင် သင်္ဘောပျက်ကို ရေအောက် ၄၄ မီတာ(၁၄၄ပေ) အနက်တွင် နစ်မြုပ်နေသောနေရာမှ ဆယ်ယူနိုင်ရန် ညလုံးပေါက်လုပ်ကိုင်ခဲ့ကြရသည်။
အရှည်မီတာ ၁၄ဝ (ပေ ၄၆ဝ) ရှိ သင်္ဘောကိုယ်ထည် အား တွေ့မြင်ရပုံကို ရုပ်မြင်သံကြားဌာနက မတ် ၂၃ ရက် နံနက်တွင် ထုတ်လွှင့်ပြသခဲ့သည်။ အဖြူရောင်သင်္ဘော ကိုယ်ထည်မှာ ရွှံ့နှင့်နုန်းအနည်အနှစ်များဖြင့် ညစ်ထေး ပေကျံလျက်ရှိပြီး ဝန်ချီကရိန်းစက်ကိရိယာများ တပ်ဆင် ထားသော ဖောင်ကြီးများက ဝန်းရံလျက် ရေမျက်နှာပြင် အထက်သို့ ဆယ်တင်ယူနိုင်ခဲ့ပုံကို တွေ့မြင်ကြရသည်။
သင်္ဘောပျက်ဆယ်ယူရေးလုပ်ငန်းမှာ အလွန်အမင်း သတိကြီးစွာထား၍ လုပ်ကိုင်ရကြောင်း သင်္ဘောပျက် ဆယ်ယူရေးလုပ်ငန်း အကြီးအကဲဖြစ်သူ ပင်လယ်သမုဒ္ဒရာ နှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ရိုက်တာ။
No comments:
Post a Comment