
တစ်ချိန်က ဟောလိဝုဒ်ရဲ့ ကျော်ကြားတဲ့ ဂီတကြယ်ပွင့်စုံတွဲတစ်တွဲဖြစ်ခဲ့တဲ့ တေးရေး၊ တေးဆိုတစ်ဦးအဖြစ်အောင်မြင်ခဲ့သူ မက်ခ်အန်ထော်နီနဲ့ ပေါ့ပ်တေး သံရှင် ဂျနီဖာလိုပက်ဇ်တို့ဟာ ယခုနှစ်အစပိုင်းမှာ ပြန်လည်ရင်းနှီးလာတဲ့ ဆက်ဆံရေးကြောင့် ပြန်လည်လက်တွဲနေပြီလား၊ ထူးခြားတဲ့ဆက်ဆံရေးများ ရှိနေလားဆိုတဲ့ ဝေဖန်သံတွေကို ဖြစ်စေခဲ့ပါတယ်။ လတ်တလောမှာတော့ ဒီအသံတွေနဲ့ပတ်သက်ပြီး ကာယကံရှင်တစ်ဦးဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်က သူတို့အချစ်ဟောင်းနှစ်ဦးဟာ အများဝေဖန်ကြသလိုမဟုတ်ကြောင်းနဲ့ အလွန်ကိုချစ်ခင်ကြတဲ့ သူငယ်ချင်းကောင်းတွေအဖြစ်သာ ရပ်တည်နေကြတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့တယ်လို့ ယူအက်စ်မဂ္ဂဇင်းဒေါ့ကွန်းရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
ကွာရှင်းပြတ်စဲခဲ့ကြပြီးနောက် လက်ရှိမှာ အမြွှာရင်သွေးလေးနှစ်ဦး ဖြစ်ကြတဲ့ အမ်မီနဲ့မက်ဇ်တို့ကို ကိုးနှစ်ကျော်ကြာ အုပ်ထိန်းသူမိဘတွေအဖြစ် အတူလက်တွဲလာခဲ့ကြတဲ့ မက်ခ်အန်ထော်နီနဲ့ ဂျနီဖာလိုပက်ဇ်တို့ဟာ တေးဂီတလုပ်ငန်းတွေမှာလည်း အတူတွဲဖက်လုပ်ဆောင်ကြရင်း ပြင်သစ်တေးအယ်လ် ဘမ်တစ်ခုကိုလည်း ပူးပေါင်းထုတ်လုပ်ဖို့ စီစဉ်နေကြပါတယ်။ ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ ဂျနီဖာက လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့အတူ မက်ခ်အန်ထော်နီနဲ့ သူ့ရဲ့ကောလာဟလတွေနဲ့ပတ်သက်ပြီး ယခုလို ဖြေကြားပေးခဲ့တာဖြစ်ကြောင်းလည်း သိရပါတယ်။
ဇာတ်လမ်းဟောင်းတစ်ခုကို ပြန်စနေတာလားဆိုတဲ့ ကောလာဟလတွေကို ဂျနီဖာလိုပက်ဇ်က ''ကောလာဟလတွေဟာ ကျွန်မတို့အကြားက ဆက်ဆံရေးကို အကူအညီပေးနိုင်ခဲ့ပြီး ရှိယင်းစွဲဆက်ဆံရေးထက်ပိုမိုကောင်းလာစေပါတယ်''လို့ ဆိုပါတယ်။ ဒါ့အပြင် သူက အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ရပ်တည်နေကြရုံသာမက တကယ်ကိုကောင်းမွန်တဲ့အခြေအနေမှာ ရှိနေကြောင်းလည်း ဆိုခဲ့ပါတယ်။
လတ်တလောမှာ အသက် (၄၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျနီဖာက မိဘနှစ်ပါးအနေနဲ့ ယခုလိုအဆင်ပြေကာ အလုပ်တွေအတူတူလုပ်ရင်း အတူတူရှိနေကြတာကို တွေ့မြင်ရတာဟာ သူတို့ရဲ့ ရင်သွေးလေးတွေအတွက်လည်း တကယ်ကို ကောင်းမွန်တဲ့အခြေအနေတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂျနီဖာအနေနဲ့ သူ့ထက် အသက်တစ်နှစ်ခန့်သာပိုကြီးတဲ့ မက်ခ်အန်ထော်နီနဲ့ နောက်တစ်ကြိမ်လက်ထပ်ဖြစ်ဦးမှာလားဆိုတဲ့မေးခွန်းကိုတော့ ငြင်းဆိုခဲ့ကာ လက်ရှိအခြေအနေကသာ နှစ်ဦးစလုံးအတွက်အကောင်းဆုံးဖြစ်ကြောင်းနဲ့ ရှေ့လျှောက် အမြဲသူငယ်ချင်းကောင်းတွေအဖြစ်သာ ရှိသွားမှာဖြစ်ကြောင်းလည်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အေးပြည့်-စုစည်းသည်
No comments:
Post a Comment