Tuesday, March 28, 2017

အာရှဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့်အိန္ဒိယ ယနေ့ကစားမည်




သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်
ရန်ကုန် မတ် ၂၇


၂ဝ၁၉ အာရှဖလားတတိယအဆင့် ခြေစစ်ပွဲအုပ်စု(က) ပထမပွဲအဖြစ် မြန်မာအသင်း နှင့် အိန္ဒိယအသင်းတို့ မတ် ၂၈ ရက်(ယနေ့)ညနေ ၆ နာရီတွင် သုဝ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ယင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အင်းလျားလိတ်ဟိုတယ်၌ ကျင်းပသည်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ''အိန္ဒိယအသင်းနဲ့ က္ဘောဒီးယား အသင်းတို့ရဲ့ ပွဲကို ကြည့်ခွင့်ရခဲ့တာက အင်မတန်အကျိုးရှိပါတယ်။ အိန္ဒိယအသင်းကို ဘယ်လိုကစားရမလဲဆိုတဲ့ နည်းဗျူးဟာတွေ တွေ့ခဲ့ရပါတယ်။ အိန္ဒိယအသင်းရဲ့ အနေအထားက စာရွက်ပေါ်မှာ ကျွန်တော်တို့ထက် အများကြီးတောင့်တင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်ကစားသမားတွေကို အပြည့်အဝ ယုံကြည်ပါတယ်။ အင်ဒိုနီးရှား နဲ့ ခြေစမ်းပွဲက လိုအပ်ချက်တွေ၊ အားနည်းချက်တွေကို ပြန်ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကတော့ အာရှဖလားပြိုင်ပွဲကို တစ်ကျော့ပြန် ယှဉ်ပြိုင် ခွင့်ရရှိဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲတိုင်းကို ဗိုလ်လုပွဲလိုသဘောထားပြီး အနိုင်ရအောင် ကြိုးစားကစားမှာပါ'' ဟု ပြောကြားသည်။ အသင်းခေါင်းဆောင် ရန်အောင်ကျော်က ''အိန္ဒိယအသင်းဟာ ကျွန်တော်တို့ထက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အသာရနေ ပေမယ့် အိမ်ကွင်းမှာ အနိုင်ရဖို့ ကစားမှာပါ။ အိန္ဒိယအသင်းကို အိမ်ကွင်းမှာ အိုလံပစ် ခြေစစ်ပွဲ AFC Challenge Cup ခြေစစ်ပွဲတွေမှာ တွေ့ဆုံဖူးပြီး နှစ်ပွဲစလုံး တစ်ပွဲ နိုင်၊ တစ်ပွဲသရေကျခဲ့ပါတယ်။ ဒီပွဲမှာလည်း အနိုင်ရအောင်ကစားမှာပါ။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အာရှဖလားပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းသွားမှာပါ'' ဟု ပြောကြားခဲ့သည်။ 

အိန္ဒိယ လက်ရွေးစင်အသင်းနည်းပြချုပ် စတီဖင်ကွန်စတန်တိုင်းက ''ဒီပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြင်ဆင်ထားပါတယ်။ မြန်မာအသင်းဟာ ကြိုးစားမှုရှိ တယ်။ လျင်မြန်တယ်။ သူတို့ကွင်းဖြစ်တာကြောင့် ပိုပြီးခက်ခဲမှာပါ။ ပထမဆုံးပွဲတွေက အရေးကြီးသလို အလွန်လည်း ကြိုးစားရမှာပါ။ သေချာတာကတော့ ကျွန်တော်တို့ အရှုံးပေးဖို့ လာရောက်ကစားတာမဟုတ်ပါဘူး။ ဒီပွဲအတွက် ပြင်ဆင်ချိန် ၁ဝ ရက် လောက်ရခဲ့ပါတယ်။ ခြေစစ်ပွဲအောင်ဖို့ဆိုရင် အိမ်ကွင်းပွဲအားလုံး အမှတ်ပြည့်ရဖို့ လိုပြီး အဝေးကွင်းသုံးပွဲမှာလည်း အမှတ်ရသလောက် ယူနိုင်ဖို့လိုပါတယ်။ အိမ်ကွင်း ပရိသတ်ရဲ့အားက ကျွန်တော်တို့အတွက် ဖိအားမဖြစ်ပါဘူး။ ဒီဖိအားက အိမ်ရှင် အသင်းပဲ ကြုံရမှာပါ'' ဟု ပြောကြားခဲ့သည်။

အိန္ဒိယအသင်းနှင့် ကစားမည့် မြန်မာအသင်းတွင် အုပ်ချုပ်သူ ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ဂတ်ဖရိုင်းဒရစ်၊ လက်ထောက်နည်းပြ-ဦးကြည်လွင်၊ ဂိုး-နည်းပြ-ဦးအောင် ကျော်ကျော်၊ ကြံ့ခိုင်ရေးနည်းပြ-ပိုပေါ့စကီး၊ အားကစားသမားများအဖြစ် ဂိုး-သီဟ စည်သူ၊ ရန်အောင်လင်း၊ ပြည့်ဖြိုးအောင်၊ နောက်တန်း-ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ သောင်လပ်ထျန်း၊ဝင်းမင်းထွန်း၊ သိန်းသန်းဝင်း၊ ဟိန်း သီဟဇော်၊ အလယ်တန်း-ရန်အောင်ကျော်၊ တင်ဝင်းအောင်၊ မျိုးကိုထွန်း၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ အောင်လမန်း၊ စည်သူအောင် ၊ သက်နိုင်၊ ဇင်ဖြိုးအောင်၊ ရှေ့တန်း-အောင်သူ၊ ကျော်ကိုကိုနှင့် သန်းပိုင်တို့ ပါဝင်ကြသည်။ ဒဏ်ရာရနေသည့် ဘယ်နောက်ခံ လူ နန္ဒကျော်မှာ ဒဏ်ရာကြောင့် အပြီးသတ်လူစာရင်းတွင် ပါဝင်လာခြင်းမရှိဘဲ စိုးမြတ် သူနှင့် ဘုန်းသစ္စာမင်း(ဂိုး)တို့လည်း ချန်လှပ်ခံခဲ့ရသည်။

No comments:

Post a Comment