Wednesday, March 29, 2017

တရားဥပဒေစိုးမိုးမှ တည်ငြိမ်အေးချမ်းမည်


မျက်မှောက်ကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ဒီမိုကရေစီစနစ်ထွန်းကားရန်၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။ ထိုသို့ကြိုးပမ်းတည်ဆောက်မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံ ဖြစ်ပေါ်လာ မည်ဖြစ်သည်။
လူတိုင်းလူတိုင်း ဒီမိုကရေစီအခွင့်အရေးများရရှိမှသာ တရားဥပဒေ စိုးမိုးမှုလည်း အတူလိုက်ပါဖြစ်ပေါ်လာမည်ဖြစ်သည်။ နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝလုံခြုံမှု၊ စိတ်ချယုံကြည်မှုလည်းရှိလာမည်ဖြစ်သည်။ ဘဝ လုံခြုံမှု၊ စိတ်ချယုံကြည်မှုရှိလာသောအခါ တရားဥပဒေစိုးမိုးမှုရှိလာ သည်ဟုဆိုနိုင်သည်။ ယင်းနောက် တိုင်းပြည်လည်း တည်ငြိမ်အေးချမ်းမှု ရှိလာပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်သည်။
ပြည်သူများ စိတ်ချလုံခြုံသောဘဝများကို ပိုင်ဆိုင်နိုင်ရန်အတွက် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းစေမည့် ဥပဒေများ ပြဋ္ဌာန်းပေးရန်လိုသည်။ ပြည်သူလူထု၏ အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် တည်ဆဲဥပဒေများကို ပြန်လည်သုံးသပ်ခြင်း၊ ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှုမရှိသည့် ဥပဒေများကို ပြင်ဆင် ဖြည့်စွက်မှုပြုလုပ်ရန် လိုအပ်သည်။
တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ဥပဒေပြုမှုအပိုင်းမှ အလေးထားဆောင်ရွက်ရမည့်ကိစ္စရပ်များကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မကြာသေးမီက မှာကြားခဲ့သည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်း၊ အပြန်အလှန်ထိန်းကျောင်းခြင်းတို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
အပြန်အလှန်ထိန်းကျောင်းမှုပြုလုပ်ရာတွင် ကန့်သတ်ဘောင်များကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်ခြင်းမျိုးမဖြစ်အောင် အထူးသတိပြုရန် လိုသည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေပြုရေးသမားများ ဖြစ်ကြရာ ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရန် အထူးသတိပြု စေလိုကြောင်းလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တစ်ဆက်တည်း မှာကြားခဲ့ပြီး မဲဆန္ဒနယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်အောင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ခွင့်ရှိသည်ဟုလည်း ဆိုထားပါသည်။
ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာတွင် သဘောထားကြီးခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်နားလည်မှုရှိခြင်း၊ အပြန်အလှန်ယုံကြည်မှုရှိခြင်းများဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ပြဋ္ဌာန်းထားသောဥပဒေနှင့်အညီ ဆောင်ရွက်ကြရမည် ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွှတ်တော်သည် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတိုင်းတွင် နိုင်ငံ၏အချုပ်အခြာအာဏာကို ပြည်သူလူထုကသာ ပိုင်ဆိုင်ကြသည်။ အချုပ်အခြာအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်သည်ဖြစ်သောကြောင့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူ့အကျိုးအတွက် အစဉ်ကြိုးပမ်းဆောင်ရွက်နေရမည်ဖြစ်သည်။
လွှတ်တော်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အစဉ်ရှေးရှုလျက် ဒီမိုကရေစီဝါဒနှင့် ဖက်ဒရယ်လမ်းစဉ်ပေါ်ပေါက်ရေးကို အစဉ် တစိုက်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းများတွင်လည်း တိုင်းရင်းသားများအား ထိုက်သင့်သည့်နေရာပေး၍ ဖွဲ့စည်းထားပြီးဖြစ်သည်။ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော် ထူထောင်နိုင်ရန်သာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။
ငြိမ်းချမ်းသာယာဝပြောသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံပေါ်ထွန်းရေးအတွက် နိုင်ငံတော်နှင့် ပြည်သူလူထုအကျိုးရှိမည့် တရားဥပဒေစိုးမိုးရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဥပဒေနှင့် လုပ်ငန်းစဉ်များ ပိုမိုထွန်းကားလာလိမ့်မည်ဟု ယုံကြည် ပါသည်။ ။

No comments:

Post a Comment