
ရန်ကုန် မတ် ၂၆
သတင်းနှင့်စာနယ်ဇင်းဝန်ထမ်းဟောင်းများ အသင်း(ယာယီ) အမှုဆောင်အဖွဲ့သစ်ရွေးချယ်ခြင်း၊ ကွယ်လွန်ပြီးဖြစ်သည့် ဝန်ထမ်းဟောင်းများအတွက် အလှူဒါနပြုခြင်း၊ အသက် (၈ဝ) နှင့်အထက် ဝန်ထမ်းဟောင်းများ သက်ကြီးပူဇော်ပွဲ၊ ဆရာ ကန်တော့ပွဲနှင့် မိတ်ဆုံစားပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ပုဇွန်တောင် မြို့နယ်ရှိ မြသိန်းတန်ကျောင်းတိုက်၌ ကျင်းပသည်။
''တစ်ချိန်က ဦးဆောင်ဦးရွက်ပြုခဲ့ကြတဲ့ ဆရာ သမားတွေရဲ့ ဂုဏ်ကျေးဇူးကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတာပါ။ ပြီးတော့ ဝန်ထမ်းဟောင်းထဲက အသက် (၈ဝ) နဲ့အထက် လုပ်ဖော်ကိုင်ဖက်တွေ ကိုလည်း ပူဇော်ကန်တော့တယ်။ အိုမင်းမစွမ်းဖြစ် လာတဲ့ ဝန်ထမ်းဟောင်းတွေရဲ့ ကျန်းမာရေးစောင့် ရှောက်မှုအပြင် ရန်ပုံငွေတိုးတက်လာတာနဲ့အမျှ သူတို့ သားသမီးတွေရဲ့ပညာရေး၊ ကျန်းမာရေးတွေ ကိုလည်းဖြည့်ဆည်းပေးသွားမှာပါ။ အခုပွဲလေးက လုပ်ဖော်ကိုင်ဖက် မိသားစုတွေပြန်ပြီးတော့ တွေ့ရ တဲ့အတွက် ဝမ်းသာကြည်နူးမှုလည်း ဖြစ်တယ်၊ ရင်းနှီးမှုတွေလည်း ရတယ်။
အဲဒီအတွက် ရည်ရွယ် ထားတာလည်း ပါတယ်''ဟု အသင်းဥက္ကဋ္ဌဦးမြင့်ဆွေ (ကြေးမုံသတင်းစာတိုက်-စာတည်းမှူးချုပ်-ငြိမ်း)က ပြောသည်။
ယနေ့ကျင်းပသည့်ပွဲတွင် မြသိန်းတန်ကျောင်း တိုက်မှ ရဟန်းသံဃာတော်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပြီး ကန်တော့ခံဆရာ ၁၃ ဦးနှင့် အသက်(၈ဝ)နှင့်အထက်ဝန်ထမ်းဟောင်း ၁၆ ဦးတို့ အား ကန်တော့၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။ ယင်းအပြင် ၂ဝ၁၇-၂ဝ၁၉ ခုနှစ်အတွက် သတင်းနှင့်စာနယ်ဇင်းဝန်ထမ်း ဟောင်းများအသင်း(ယာယီ) အသင်းသားအမှုဆောင် များကို ပြန်လည်ရွေးချယ်ရာတွင် လက်ရှိ အသင်းအမှုဆောင်များကို ဝန်ထမ်းဟောင်းများ၏ သဘော တူညီမှုဖြင့် ပြန်လည်ရွေးချယ်ကြောင်း သိရသည်။
''အခုလို ပွဲကျင်းပတာ အလွန်ကောင်းပါတယ်။ ဖြစ်လည်းဖြစ်သင့်တယ်။ တစ်ယောက်နဲ့တစ်ယောက် ပြန်တွေ့ကြရတော့ ရှေးဟောင်းနှောင်းဖြစ်တွေလည်း ပြောဖြစ်တယ်။ အဘတို့အတွက် အသက်ရှည်ဆေး တစ်ခွက်ပေါ့။ ကြည်နူးဖို့ကောင်းပါတယ်''ဟု အသက် (၉၄) နှစ်အရွယ်ဝန်ထမ်းဟောင်း ဦးသော် က ပြောသည်။
အဆိုပါ အခမ်းအနားသို့ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဝန်ထမ်းဟောင်းများ၊ လက်ရှိတာဝန်ထမ်း ဆောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ဂါရဝပြုခဲ့ကြောင်း သိရသည်။
သတင်း-ဇာနည်မောင်
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
ဓာတ်ပုံ-ခင်မောင်ဝင်း(ကြေးမုံ)
No comments:
Post a Comment