
ဟောင်ကောင် မတ် ၂၆
တရုတ်နိုင်ငံ အထူးအုပ်ချုပ်ခွင့်ရဒေသ ဟောင်ကောင်၏ အကြီးအကဲသစ်အဖြစ် တရုတ်အစိုးရအဖွဲ့က ထောက်ခံသော ပြည်သူ့ဝန်ထမ်းတစ်ဦး ရွေးချယ်ခံရကြောင်း၊ တရုတ်ဗဟိုအစိုးရနှင့် ဟောင်ကောင်နိုင်ငံရေးလှုပ်ရှားသူ များအကြား နိုင်ငံရေးအရ တင်းမာမှုများ ပေါ်ထွက်နေချိန်အတွင်း ဗဟိုအစိုးရက လိုလားသူတစ်ဦး ရွေးချယ် တင်မြှောက်ခံရခြင်းဖြစ်ကြောင်း ရိုက်တာက ရေးသား ဖော်ပြသည်။
ဟောင်ကောင်၏ ၇ ဒသမ ၃ သန်း အရေအတွက်ရှိ ပြည်သူများအနေဖြင့် ၄င်းတို့၏ ခေါင်းဆောင်အတွက် ရွေးချယ်ရာတွင် လွတ်လပ်စွာ ဆန္ဒပြုခွင့်မရကြကြောင်း၊ ဗဟိုအစိုးရအဖွဲ့အား လိုလားသူများဖြင့် ပါဝင်ဖွဲ့စည်း ထားသော ရွေးချယ်တင်မြှောက်ရေးကော်မတီကသာ ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲမှုများ ပေါ်ထွက်လာသည်။ အဆိုပါ ကော်မတီတွင် အဖွဲ့ဝင် ၁၂ဝဝ ပါဝင်သည်။
ကာရီလမ်အား ဟောင်ကောင်ဒေသ၏ အုပ်ချုပ်ရေး ခေါင်းဆောင်သစ်အဖြစ် မတ် ၂၆ ရက်တွင် ရွေးချယ် တင်မြှောက်ခဲ့သည်။ လမ်သည် ဟောင်ကောင်၏ ပထမဆုံး သော အမျိုးသမီးအမှုဆောင်အရာရှိချုပ် တစ်ဦးအဖြစ် ဇူလှိုင် ၁ ရက်တွင် တာဝန်စတင်ထမ်းဆောင်မည်ဖြစ်သည်။
ဟောင်ကောင်အုပ်ချုပ်ရေးမှူး ရာထူးအတွက် ရွေးကောက်ပွဲပြုလုပ်ခဲ့ရာတွင် လမ်က ထောက်ခံမဲ ၇၇၇ မဲ၊ ၄င်း၏ အဓိကပြိုင်ဘက် ဘဏ္ဍာရေး အတွင်းဝန်ဟောင်း ဂျွန်ဆန်းက ၃၆၅ မဲ အသီးသီး ရရှိခဲ့သည်။ တတိယမြောက် ကိုယ်စားလှယ်လောင်း အငြိမ်းစားတရားသူကြီး ဝူးကွစ်ဟင်မှာမူ ထောက်ခံမဲ ၂၁ မဲသာ ရရှိခဲ့သည်။
ရွေးကောက်ပွဲရလဒ်ကို မကျေမနပ်ဖြစ်ကြရသော ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများ မဝင်ရောက်လာနိုင်စေရန် သတ္တုတုံး အတားအဆီး ချထားခဲ့ကြသည်။
လမ်အား ထောက်ခံစေရေးအတွက် ဗဟိုအစိုးရ တာဝန်ရှိသူများက ထောက်ခံပြောဆိုမှုများ ပြုလုပ်ခဲ့သည် ဟုဆိုကာ ရွေးကောက်ပွဲတွင် ဗဟိုအစိုးရက ဝင်ရောက် စွက်ဖက်ခဲ့သည်ဟု ဆန္ဒပြသူများက ပြောကြားကြသည်။
ရိုက်တာ။
No comments:
Post a Comment