Monday, March 27, 2017

အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံ မကြာမီဖွင့်လှစ်မည်


Image may contain: outdoor
ရန်ကုန် မတ် ၂၆
ရန်ကုန်မြို့တွင် တည်ဆောက်အကောင်အထည် ဖော်လျက်ရှိသော တစ်ရက်လျှင် အမှိုက်တန် ၆ဝ မီးရှို့နိုင်သည့် အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံကို ၂ဝ၁၇ ခုနှစ် ဧပြီ ၇ ရက်တွင် စတင်ဖွင့်လှစ် စမ်းသပ် လည်ပတ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးတွဲအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော အဆိုပါအမှိုက်မှ စွမ်းအင် ထုတ်စက်ရုံ (Waste to Energy) ကို မင်္ဂလာဒုံ မြို့နယ်နှင့် ရွှေပြည်သာမြို့နယ်ကြား လှော်ကား လမ်းဘေးတွင် တည်ဆောက်အကောင်အထည် ဖော်ခဲ့ရာ လက်ရှိတွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''ဒီစက်ရုံကို စတင်ပန္နက်ရိုက်ခဲ့တာက ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကပါ။ စီမံကိန်းကာလက နှစ်နှစ်ဖြစ်ပါတယ်။၂ဝ၁၆ ခုနှစ်အကုန်မှာ အကြမ်းထည်ပြီးတယ်။ နှစ်ဆန်းပိုင်းမှာ စမ်းသပ်လည်ပတ်တယ်။ ၂ဝ၁၇ ခုနှစ် ဧပြီ ၇ ရက်မှာ ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပါတယ်။ စက်ရုံအနေနဲ့ တစ်ရက်ကို အမှိုက်တန် ၆ဝ မီးရှို့နိုင်ပါတယ်။ လျှပ်စစ်ဓာတ်အား တစ်နာရီကို ကီလိုဝပ် ၇ဝဝ ထွက်ပါမယ်။ အဲဒီထွက်လာတဲ့ လျှပ်စစ်ဓာတ်အားကနေ ကီလိုဝပ် ၄ဝဝ ကို စက်ရုံလည်ပတ်ဖို့အတွက် ပြန်သုံးမှာ ဖြစ်ပြီးတော့ ကီလိုဝပ် ၃ဝဝ ကို မဟာဓာတ်အားလိုင်းကိုထည့်သွင်းပြီး ပြန်လည်ရောင်းချဖို့ လုပ်သွားပါမယ်''ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
အဆိုပါ စက်ရုံကို ဂျပန်နိုင်ငံနှင့် အစိုးရချင်းချိတ်ဆက်ကာပူးတွဲအကောင် အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ကုန်ကျမှုစရိတ်ကို ဂျပန်နိုင်ငံနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ တစ်ဝက်စီကျခံဆောင်ရွက်သွားမည့် စီမံကိန်းတစ်ခုဖြစ်ကာ ကုန်ကျစရိတ်စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ သန်းခန့် ဖြစ်ကြောင်း သိရသည်။
''ဒီအစီအစဉ်က ဂျပန်နိုင်ငံအစိုးရက နှစ်စဉ် ဒေါ်လာ သန်း ၁ဝဝ ကို အာဆီယံ ၁ဝ နိုင်ငံကို ထောက်ပံ့ပေးတဲ့အစီအစဉ်ကနေ ဆောင်ရွက်တာဖြစ်ပါ တယ်။ ဒေါ်လာ သန်း ၅ဝ ကို အခြေခံအဆောက်အအုံပိုင်းဆိုင်ရာတွေမှာ သုံးစွဲနေပြီး ဒေါ်လာသန်း ၅ဝ ကို ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာတွေမှာ သုံးစွဲနေပါတယ်။ ဒီထောက်ပံ့မှုအစီအစဉ်ကို ၂ဝ၁၃ ခုနှစ်က ချိတ်ဆက်မိပြီး အဆိုပြုလွှာတင်ခဲ့ရာကနေ အောင်မြင်ခဲ့ပြီးတော့ ပူးတွဲစတင်အကောင်အထည် ဖော်ဖြစ်ခဲ့တာပါ။ အကျိုးကျေးဇူးအနေနဲ့ကတော့ နည်းပညာပိုင်းဆိုင်ရာတွေ ရရှိလာမှာဖြစ်သလို စွန့်ပစ်အမှိုက်ကနေ စွမ်းအင်ထုတ်နိုင်မှာပါ။
အမှိုက်သိမ်း ဆည်းမှု၊ စွန့်ပစ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတော်တော်များများလည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ငွေကုန်ကြေးကျလည်း များပါတယ်။ မြေကြီးပေါ်မှာ စွန့်ပစ်နေတာတွေဟာ အမှိုက်ကထွက်တဲ့အရည်တွေကနေ မြေအောက်ရေ ထိခိုက်တာတွေ၊ မြေဆီလွှာပျက်စီးတာတွေဖြစ်နေရပြီး ရေထဲစွန့်ပစ်တာတွေ ကလည်း ရေထုညစ်ညမ်းမှုတွေ ကြုံနေရတယ်။ ဒီစနစ်က အကောင်းဆုံး မဟုတ်သေးပေမယ့် လက်ရှိမှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို စနစ်တကျ အသုံးပြုဆောင်ရွက်နေပါတယ်။ ပြည်သူလူထု အသိပညာပေးလုပ်ငန်းတွေလည်းဆောင်ရွက်နေပါတယ်''ဟု အဆိုပါဌာနမှ ဒုတိယဌာနမှူးဒေါက်တာ အောင်မြင့်မော်က ပြောသည်။
အမှိုက်မီးရှို့စက်ပုံမှန်လည်ပတ်ရန် မင်္ဂလာဒုံမြို့နယ်အတွင်း နေ့စဉ် ထွက်ရှိသည့် အမှိုက် ၇၂ တန်ခန့်ကို အသုံးပြုသွားမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် မင်္ဂလာဒုံမြို့နယ်အတွင်းတွင် အမှိုက်စွန့်ပစ်မှု ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု သိရသည်။ အဓိကအားဖြင့် မီးလောင်နိုင်သည့် အမှိုက်နှင့် မီးမလောင်နိုင်သည့်အမှိုက်တို့ကို ခွဲခြား စွန့်ပစ်နိုင်ရန်နှင့် မပျက်မကွက် သိမ်းဆည်းပေးနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှိုက်မှ စွမ်းအင်ထုတ်လုပ်မည့် စက်ရုံလည်ပတ်ချိန်တွင် စက်ရုံအနီး သုံးရက်စာ လည်ပတ်နိုင်မည့် အမှိုက်များကို စုပုံထားရှိနိုင်သည်ဟု သိရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်မြို့နယ်များအတွင်း စွန့်ပစ်အမှိုက်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိမ်းဆည်းဆောင်ရွက်လျက်ရှိပြီး နေ့စဉ်အမှိုက် တန်ချိန် ၂ဝဝဝ ခန့် သိမ်းဆည်းနေကြောင်း အဆိုပါ ဌာနမှ သိရသည်။ အဆိုပါ အမှိုက်များကို အဓိကစွန့်ပစ်နေသည့် အမှိုက်ပုံကြီး နှစ်နေရာ၊ အမှိုက်ပုံအသေး လေးနေရာတို့တွင် စုပုံစွန့်ပစ်လျက်ရှိသည်။
အဆိုပါ အမှိုက်ပုံကြီး နှစ်နေရာတွင်လည်း အမှိုက်မှ စွမ်းအင်ထုတ်လုပ် စက်ရုံတည်ဆောက်အကောင်အထည်ဖော်နိုင်ရန် စီမံကိန်းလျာထားမှုများရှိပြီး အကောင်အထည်မပေါ်သေးကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်မြို့၏ နေ့စဉ်ထွက်ရှိသော စွန့်ပစ်အမှိုက်များကြောင့် မြေနေရာလိုအပ်ချက် မြင့်မားလာနေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။
ဆုနှင်းလဲ့
ဓာတ်ပုံ- YCDC

No comments:

Post a Comment