Saturday, March 25, 2017

စီးပွားဖြစ်သင်္ကြန်မဏ္ဍပ် ရန်ကုန်၌ ခွင့်မပြုဟုဆို



Image may contain: one or more people, crowd and outdoor
ရန်ကုန် မတ် ၂၄
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂ဝ၁၇ ခုနှစ် မဟာသင်္ကြန်ပွဲတော်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အများပြည်သူပိုင်ဧရိယာများတွင် စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များကို လုံးဝခွင့်ပြုပေးသွားမည်မဟုတ်ဘဲ ရန်ကုန်မြို့၏ခရိုင်လေးခုအလိုက် အပိုင်းလေးပိုင်းခွဲကာ အများပြည်သူ ပါဝင်ဆင်နွှဲနိုင်သည့် သင်္ကြန်ပွဲတော်အဖြစ် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဟု သိရသည်။
ရန်ကုန်မြို့ အင်းလျားလမ်း၊ ကန်တော်ကြီးပတ်လမ်းတစ်လျှောက်တွင် မဏ္ဍပ်များကို ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း၊ မဏ္ဍပ်များပေါ်ရှိအလုံပိတ်အခန်းများကိုလည်း အရေးယူသွားမည်ဖြစ်ကာ အရက်သေစာ ဥပဒေမဲ့ရောင်းချနေမှုများကိုလည်း အရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုပေးခြင်းမရှိသော်လည်း ဖျော်ဖြေရေးမဏ္ဍပ်များကို ခွင့်ပြုပေးမည်ဖြစ်ကာ အဆိုပါမဏ္ဍပ်များတွင်လည်း ရေပက်ကစားနိုင်ကြောင်း၊ ယင်းအတွက် သီးခြားပုံစံဖြင့် ခွင့်ပြုပေးသွားမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
“The One တို့၊ ရွှေထွဋ်တင်ကွင်းတို့လိုနေရာမျိုးမှာ ဖျော်ဖြေရေးအစီအစဉ်တွေ၊ သင်္ကြန်အစီအစဉ်တွေ ရှိနိုင်ပါတယ်။ အဲဒီအတွက်လည်း ခွင့်ပြုမိန့်နဲ့အတူ ကျင်းပရမယ်လို့ သိရပါတယ်။ စီးပွားဖြစ်မဏ္ဍပ်တွေကတော့ လုံးဝခွင့်မပြုဘူး ဆိုတော့ မြို့နယ်တွေအလိုက် စည်ကားအောင် ဖြန့်ပြီးကျင်းပမယ်ဆိုရင် တစ်နေရာတည်းမှာပဲ စုပြုံတိုးဝှေ့နေတာလည်း လျော့သွားမယ်ထင်ပါတယ်။ ဟိုးတစ်ချိန်က ရန်ကုန်သင်္ကြန်ပုံစံပေါ့''ဟု ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဖျော်ဖြေ ရေးပွဲများအတွက် ကြော်ငြာစပွန်ဆာပေးရန် စီစဉ်နေသည့် မီဒီယာကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယင်းအပြင် သင်္ကြန်သံချပ်အစီအစဉ်များနှင့်ပတ်သက်၍လည်း စိစစ်ခြင်းအပေါ် ဝေဖန်မှုများရှိနေရာ လက်ရှိနိုင်ငံ၏အခြေအနေနှင့် လူမျိုးရေး၊ ဘာသာရေးနှင့် အခြားသောအမုန်းတရားများ မပေါ်ပေါက်စေရန် ကြိုးပမ်းနေရသော ကာလဖြစ်ပြီး မလိုလားအပ်သောအကြောင်းများ မပေါ်ပေါက်စေရန်၊ လွတ်လပ်ခွင့်အပေါ် မတရားသည့် အမိန့်ဥပဒေများ မဖြစ်စေရန်အပြင် တစ်ဖက်တွင် လွတ်လပ်ခွင့်အပေါ် မင်းမဲ့စရိုက်ဆန်ဆန်မဖြစ်ပွားစေရေး စိစစ်ဆောင်ရွက်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ရှင်းလင်းသွားခဲ့သည်။
(ဝဝ၁)

No comments:

Post a Comment