
ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် လမ်းများ၊ တံတားများ၊ လူနေအဆောက်အအုံများနှင့် ဆက်နွှယ်သည့် အခြေခံအဆောက်အအုံများကို ခေတ်ကာလလူမှုဘဝအခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
အဆိုပါ အခြေခံအဆောက်အအုံများ တည်ဆောက်ပေးခြင်းမှာ ပြည်သူများလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းဖြစ်သလို နိုင်ငံ၏ လူမှုဘဝ အဆင့်အတန်းမြင့်မားမှုရှိသည်ကိုလည်း ပြသရာရောက်သည်။ အဆိုပါ အခြေခံအဆောက်အအုံများအနက် တစ်နေ့တခြား တိုးပွားလာနေသော မြို့ပြနေပြည်သူများအတွက် နေထိုင်မှုအဆောက်အအုံများ လောက်ငအောင် တည်ဆောက်ပေးနိုင်မှုမှာ အထူးအရေးကြီးသည်။
အစိုးရက စီမံခန့်ခွဲဦးဆောင်ကြီးကြပ်ပေးမှုနှင့် အစိုးရကိုယ်တိုင်ဖြစ်စေ၊ လုပ်ငန်းအပ်နှံခြင်းခံရသူတို့ကဖြစ်စေ ပြည်သူများအတွက် ဆောင်ရွက်ပေးရာတွင် ရေရှည်အကျိုးစီးပွားနှင့်ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများစွာတို့ကိုလည်း ထည့်သွင်းတွက်ချက်ကာ ကြိုတင်စီမံဆောင်ရွက်ပေးကြရသည်။ စနစ်ကျကောင်းမွန်သော သင့်တင့်မျှတသည့် အဆောက်အအုံများဖြစ်ရန် လိုအပ်သလို အခြေခံပြည်သူများ နေထိုင်နိုင်မည့် အနေအထားများလည်းရှိသင့်သည်။
မြို့ပြအိမ်ရာတည်ဆောက်မှုများကို ခေတ်အဆက်ဆက်အစိုးရများက တိုးပွားလာသောလူဦးရေအပေါ် မူတည်၍ အကွက်ချအိမ်ရာစီမံဆောင် ရွက်ပေးခဲ့ရာတွင် ယခင်ကလူဦးရေနှင့်နေရာထိုင်ခင်း လုံလောက်မျှတမှုကြောင့် စိန်ခေါ်မှု အခက်အခဲများ ထူးထူးထွေထွေ မရှိခဲ့ဟုဆိုရမည် ဖြစ်သည်။ မျက်မှောက်ကာလ လူဦးရေထူထပ်သိပ်သည်းမှုနှင့် မြေနေရာရှားပါး၍ တန်ဖိုးမြင့်မားလာခြင်းတို့ကြောင့် အိမ်ရာစီမံကိန်းများကို အထပ်မြင့်အိမ်ရာများအဖြစ် တည်ဆောက်ဖန်တီးကြရသည်။ ထိုအခါ မြို့ပြနှင့်လူအများအတွက် စိန်ခေါ်မှုများစွာရှိလာမည်ဖြစ်သည်။
အစိုးရသစ်၏တစ်နှစ်တာကာလတွင် မြို့ပြအသစ်များတည်ဆောက်မှုကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက မြို့ရွာများဟန်ချက်ညီညီ စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူလူထုအတွက် သင့်လျော်ကောင်းမွန်သော အိမ်ရာများကိုဖြည့်ဆည်းပေးနိုင်ရန် စီမံဆောင်ရွက်နေသည်ကို တွေ့ရသည်။ တစ်နှစ်တာကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ရှိ မြို့ ၂၄ မြို့၏ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း သဘောထားပုံစံများကို ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးဖြစ်သော ရန်ကုန်မြို့ပြ အိမ်ရာတည်ဆောက်ရေးကဏ္ဍတွင် ရတနာနှင်းဆီအဆင့်မြင့်အိမ်ရာကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဆောင်ရွက်ဆဲ အိမ်ရာစီမံကိန်းမှ အိမ်ခန်းပေါင်း ကိုးထောင်ခန့်ကိုလည်း ယခုနှစ်အတွင်း အပြီးတည်ဆောက်နိုင်အောင် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ အိမ်ရာများရောင်းချရာတွင် အငှားအိမ်ရာများပါဝင်သလို ဝင်ငွေနည်းပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပင်စင်စားများအား ဦးစားပေးရောင်းချမှုအစီအစဉ်မှာ လျော်ကန်သင့်မြတ်ပေသည်။
အိမ်ရာကဏ္ဍဆောင်ရွက်ရာတွင် အိမ်ရာငွေကြေးစနစ်ထူထောင်ဖို့လိုသည်။ အိမ်ရာများဖွံ့ဖြိုးရေးအတွက် လိုအပ်သည့်ဘဏ္ဍာငွေကြေးစနစ် ထောက်ပံ့နိုင်ရေး၊ ပြည်သူများ အိမ်ရာချေးငွေစနစ်ဖြင့် ထောက်ပံ့နိုင်ရေး၊ အိမ်ရာစုငွေဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဘဏ်လုပ်ငန်းစနစ်များပါ ထူထောင်ထားသည်ကိုလည်း တွေ့ရသည်။ မြို့ပြအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် မြို့ပြနှင့် ဒေသဖွံ့ဖြိုးရေးဥပဒေ (မူကြမ်း)နှင့် အမျိုးသားအိမ်ရာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)တို့ကို ရေးဆွဲနေပြီး အမျိုးသားအဆင့်မြို့ပြမူဝါဒနှင့် အိမ်ရာမူဝါဒများ ရေးဆွဲပြဋ္ဌာန်းကာ ဖြန့်ဝေဆောင်ရွက်ပေးနေသည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာရေးအတွက် အိမ်ရာစီမံကိန်းများကို ယခုကဲ့သို့ စနစ်တကျအကောင် အထည်ဖော်ပေးနေချိန်တွင် ဆက်စပ်အဖွဲ့အစည်းများက တာဝန်သိစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ နေထိုင်မည့်ပြည်သူများကလည်း သတ်မှတ်ထားသော အိမ်ရာစည်းမျဉ်းစည်းကမ်းများနှင့်အညီ ပူးပေါင်းပါဝင်နေထိုင်ကြရမည်ဖြစ်သည်။ ။
No comments:
Post a Comment