Sunday, March 26, 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ပထမဆုံးဖွင့်လှစ်နိုင်ခဲ့သည့် ပန်ဇင်းချောင်းတံတားနှင့် ပြည်သူတို့၏ စကားသံများ



Image may contain: 2 people, people standing
သတင်းနှင့်ဓာတ်ပုံ
ရာမည၊ တင်စိုး

ယခင်က လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့ရသော ရခိုင်ပြည်နယ်အား အခြားသော တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ ဖွံ့ဖြိုးတိုးတက်အောင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းပြီး လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးအနက်ထား ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့သစ်၏ တစ်နှစ်တာကာလအတွင်း ပထမဦးဆုံးအဖြစ် ပန်ဇင်းချောင်းတံတားကို မတ် ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ပန်ဇင်းချောင်း တံတားဖွင့်လှစ်နိုင်ခဲ့မှုအပေါ် ဝမ်းသာပီတိစကားဆိုခဲ့သည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဦးအေးထွန်းသာ
(ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီ)

ကျွန်တော်ကတော့ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီက ကိုယ်စား လှယ်တစ်ဦးအဖြစ် ဒီပွဲကို တက်ရောက်ရခြင်း ဖြစ်ပါတယ်။ အခုလိုတံတား သစ်ကြီးကို ခံ့ခံ့ညားညားမြင်တွေ့ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ပီတိလည်းဖြစ်ရပါတယ်။ ဒါက အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း ဖြစ်ထွန်းလာတဲ့ ရလဒ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ဘက်မှာရှိတဲ့ ဘူးသီးတောင်မြို့နယ်မှာ ဒါမျိုးဖြစ်လာဖို့က အိပ်မက်တောင် မမက်ခဲ့တဲ့ အရာတစ်ခုပါ။ အဲလိုမျိုး မြစ်ကူးချောင်းကူးတံတားတွေ ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်း အဲဒီကမှစစ်တွေထိ အရောက်သွားနိုင်ဖို့အတွက် ဆက်လက်လုပ်ဆောင်ပေးဖို့မျှော်လင့်ပါတယ်။
ဒေါ်အေးဝင်းကြည်(ဒေသခံပြည်သူ)
(ဘူးသီးတောင်မြို့နယ် (၅)ရပ်ကွက်)

အခုလိုတည်ဆောက်ပေးလို့ သွားလို့လာလို့ အတော်ကောင်းသွားပါတယ်။ ဒီတံတားကြီးမရှိခင်က လှေတွေ၊ စက်လှေတွေနဲ့ ကူးကြရတာဆိုတော့ သွားရေး လာရေးအတွက် ခက်ခဲခဲ့ရပါတယ်။ နေ့စဉ် ဖြတ်သန်းကူးသန်းသွားလာနိုင်ဖို့က အခကြေးငွေပေးရတဲ့အတွက် ခဏခဏ ဖြတ်နေရသူတွေအတွက် အဆင်မပြေပါဘူး။ ဒီတံတားကြီး ပြီးသွားပြီဆိုတော့ အဆင်ပြေသွားပြီ။
ဦးမောင်မြသာ(ရပ်မိရပ်ဖ)
(ဘူးသီးတောင်မြို့နယ်၊ (၅)ရပ်ကွက်)

တံတား မဖွင့်ခင်ကာလတုန်းက သွားဖို့လာဖို့အတွက် ရေလမ်းခရီးကိုပဲ အားကိုးနေရတာ။ ကုန်စည်စီးဆင်းရေးမှာလည်း ရေလမ်းက အဓိကကျတာပေါ့။ ဒီတံတားကြီးဖွင့်လိုက်ခြင်းအားဖြင့် မိဘပြည်သူတွေက ရေလမ်းတင်မဟုတ်ဘဲ ကုန်းလမ်းကပါသွားလို့ရပြီဆိုတာသိတော့ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်။
ဒါပေမယ့် ကျွန်တော်အကြံပြုချင်တာက ဒီတံတားတစ်ခုတည်း တည်ဆောက်ပြီး သွားလို့မရသေးပါဘူး။ ဘူးသီးတောင်မြို့နယ်ထဲမှာ နောက်ထပ် ချောင်းကူးမြစ်ကူးတံတားတွေ တည်ဆောက်ဖို့ လိုအပ်နေပါသေးတယ်။ အဲဒီလိုပဲ ရသေ့တောင်မှာလည်း လိုအပ်မှုရှိနေပါတယ်။ ရခိုင်ပြည်နယ်က ရေမြေသဘာဝအရ တောတောင်မြစ်ချောင်းတွေပေါလို့ မြစ်ကူးချောင်းကူး တံတားတွေက အမှန်တကယ်လိုအပ်မှုရှိပါတယ်။ ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်း တစ်ဆက်တစ်စပ်တည်း သွားလို့ရလာမယ်ဆိုရင် ပိုပြီးဖွံ့ဖြိုးတိုး တက်မှာပါ။
ဦးသိန်းနိုင်(ဒုတိယညွှန်ကြားရေးမှူး-မြို့ပြ)
(တံတားအထူးအဖွဲ့-၈)

ဒီတံတားကိုတည်ဆောက်ဖြစ်တာက ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသက ရေလမ်းကိုပဲ အားကိုးနေရလို့ ပထမဦးစားပေးအဖြစ် တည်ဆောက်ခဲ့တာပါ။ မောင်တော-ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်းကို တောက်လျှောက်သွားလာနိုင်ဖို့အတွက် အရှည်ပေ ၆ဝဝ ရှိတဲ့ စိုင်းဒင် တံတား၊ အရှည်ပေ ၅ဝဝ ရှိတဲ့ သောင်ဒရားတံတားတို့အပြင် အခြားသော ချောင်းကူးတံတားတွေကို ဆက်လက်တည်ဆောက်ရမှာဖြစ်ပါတယ်။
ရသေ့တောင်-ပုဏ္ဏားကျွန်းကနေ စစ်တွေထိရောက်သွားမယ်ဆိုရင် တစ်နိုင်ငံလုံးနဲ့ ချိတ်ဆက်သွားလာနိုင်တော့မှာပါ။ အဲဒီလိုဖြစ်လာဖို့အတွက် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမှာပါ။ ဒီတံတားတည်ဆောက်ပြီးတဲ့နောက် ဘူးသီးတောင်ကနေတစ်ဆင့် တစ်နိုင်ငံ လုံးကို ရာသီမရွေးသွားလာနိုင်တော့မှာပါ။ ဒီတံတားက နယ်စပ်တံတားလို့တောင် ပြောလို့ရပါတယ်။ ဒီတံတားတည်ဆောက်မှုကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ပေါ်လာမယ်လို့မျှော်လင့်ထားပါတယ်။

No comments:

Post a Comment