
မော်လမြိုင် မတ် ၂၅
ကလေးစာပေပွဲတော် ကလေးစာပေ ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ပထမနေ့ကို မော်လမြိုင်မြို့မော်လမြိုင် တက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပရာ ပွဲတော်စတင်ချိန် နံနက် ၉ နာရီမှ ပွဲတော်ပြီးဆုံးချိန် ညနေ ၅ နာရီအထိ လာရောက်လေ့လာသူ များ၊ ပါဝင်ဆင်နွှဲသူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ပွဲတော်တွင် မော်လမြိုင်မြို့ရှိ အခြေခံပညာကျောင်းများနှင့် ဓမ္မစကူးလ်မှ ကျောင်းသား ကျောင်းသူများ က အကများဖြင့် ဖျော်ဖြေခြင်း၊ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ မှ ပအိုဝ်းရိုးရာအကဖြင့် ဖျော်ဖြေခြင်း များကို ပွဲတော်လာရောက်သူများကတစ်ခဲနက်အားပေးခဲ့ကြသည်။
မော်လမြိုင်မြို့ရှိ အခြေခံပညာ ကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ကြသည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ (၃၈)ဖြာ မင်္ဂလာ သုတ်ရွတ်ဆိုပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဂိမ်းကစားပွဲများ၊ စုပေါင်းယှဉ်ပြိုင်ရ သည့်ပြိုင်ပွဲများ ကျင်းပပေးခဲ့ပြီး တာဝန်ရှိသူများက အကဲဖြတ်အမှတ် ပေးခြင်း၊ ဆုများပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ၎င်းအပြင် ပညာရေးဌာနပြခန်းများ၊ ကလေးစာဖတ်ခန်း ခင်းကျင်းပြသခြင်း၊ မျက်နှာဆေးရောင်ခြယ်ခြင်း၊ မျက် လှည့်ပြပွဲ၊ ရုပ်သေးပြပွဲ၊ ကျောက်ဆည် ဆင်ကပွဲ၊ ခြင်းအလှခတ်ပွဲများလည်းပါဝင်ကြောင်း သိရသည်။
စာပေဟောပြောပွဲတွင် စာရေး ဆရာခေတ်ဘုန်းသစ်က ''ကလေးတို့ရဲ့ အနာဂတ်အတွက် ရသစာပေ'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေး ဆရာမ မိချမ်းဝေက ''ကျောက်ပြား ဟောင်းတွင် ကမ္ပည်းအသစ်တင်မယ်'' ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးစာပေ မြှင့်တင်ရေးအလုပ်ရုံဆွေးနွေး ပွဲတွင် ''ယနေ့ကလေးစာပေ မနက်ဖြန်ကလေးစာပေ'' ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသူအဖြစ် မင်းထက်မောင်၊ ဆွေးနွေးသူများအဖြစ် မောင်းလင်းရိပ်၊ ခေတ်ဘုန်းသစ်၊ ဝင်းချိုတို့က ဆွေးနွေးဟောပြောခဲ့ကြပြီး ပွဲတော်လာရောက်သူများက စိတ်ဝင်တစားနားထောင်ခဲ့ကြသည်။
(မြို့နယ်ပြန်/ဆက်)
No comments:
Post a Comment