
ရန်ကုန် မတ် ၂၃
အာရှဖလားပြိုင်ပွဲတွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရရန် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအပြီး မတ် ၂၃ ရက် ညနေပိုင်းမှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အိန္ဒိယအသင်းနှင့် အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ငါးရက်ရရှိမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ရန် ပဏာမ ကစားသမား ၂၆ ဦးဖြင့် စတင်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး မတ် ၂၁ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် အဝေးကွင်း၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်းသည် အင်ဒိုနီးရှားနိုင်ငံမှ မတ် ၂၂ ရက်တွင် ပြန်လည် ရောက်ရှိလာခဲ့ပြီး မတ် ၂၃ ရက်မှစ၍ ပြန်လည်လေ့ကျင့်နေခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ခြေစမ်းပွဲအတွက် ရွေးချယ်ထားသည့် ကစားသမား ၂၁ ဦး၊ ယင်းပွဲတွင် ပါဝင်သွားခြင်းမရှိသည့် ကစားသမား ငါးဦး စုစုပေါင်း ၂၆ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို မတ် ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲတွင် အုပ်စု (က)၌ ကာဂျစ္စတန်၊ မကာအို၊ အိန္ဒိယတို့နှင့် ကျရောက်လျက်ရှိသည်။ အာရှဘောလုံး အဖွဲ့ချုပ်သည် အာရှဖလားတတိယအဆင့် ခြေစစ်ပွဲကို လေးသင်းခြောက်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ ထိပ်ဆုံးနှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးရှိနေသည်။ မြန်မာအသင်းသည် အာရှဖလားနောက်ဆုံးအဆင့် ပြိုင်ပွဲတွင် တစ်ကြိမ်သာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၆၈ ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြောင်း သိရသည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်
No comments:
Post a Comment