
ရန်ကုန် မတ် ၂၇
ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ စီစဉ်ညွှန်ကြားမှုဖြင့် ရေရှားပါးသည့် နေရာဒေသများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ သောက်သုံးရေဖြန့်ဝေ လှူဒါန်းနေသည့် ပရဟိတအသင်း အချို့ထံ ရေသယ်ယာဉ်အသစ်များ ပေးအပ်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
မတ် ၂၆ ရက်တွင် မကွေးမြို့နယ်ရှိ ပြည်သူများ အသုံးပြုရန်အတွက် အောင်မြေပရဟိတအသင်းထံသို့ ရေဂါလန် ၃ဝဝဝ ဆံ့ရေသယ်ယာဉ် အသစ်နှစ်စီး၊ မတ် ၂၅ ရက်တွင် နတ်မောက်မြို့နယ်ရှိ ပြည်သူများ အသုံးပြုရန်အတွက် စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ ပရဟိတအသင်းထံ သို့ ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးနှင့် မတ် ၁၈ ရက်တွင် မြင်းခြံမြို့နယ်ရှိ ပြည်သူများအသုံး ပြုရန်အတွက် အဖြူရောင်လက်များ ပရဟိတအသင်းသို့ ရေဂါလန်၃ဝဝဝ ဆံ့ ရေသယ်ယာဉ်အသစ်တစ်စီး စုစု ပေါင်းလေးစီး ပေးအပ်လှူဒါန်းခဲ့သည်။
အလားတူ ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ပရဟိတအဖွဲ့အစည်းများ ဖြစ်သည့် ကျော်သူပရဟိတကွန်ရက် အဖွဲ့၊ ရေနံချောင်းမြို့ အဖြူရောင် ပရဟိတအဖွဲ့၊ စစ်ကိုင်းမြို့ မြသပိတ်-ဘုံဆွမ်းလောင်းအသင်း၊ ပုသိမ်မြို့ မြို့မရေသန့် အလှူတော်အသင်းနှင့် မြင်းခြံမြို့ အဖြူရောင်လက်များ ပရဟိတအသင်းအစရှိသည့် ပရဟိတ အဖွဲ့ငါးဖွဲ့ထံသို့ ယခုနှစ် မတ်လအတွင်း ရေဂါလန် ၃ဝဝဝ ဆံ့ ရေသယ်ယာဉ် အသစ်တစ်စီးစီ ရေသယ်ယာဉ်ငါးစီးလည်း လှူဒါန်းခဲ့သည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံအတွင်း ရေလိုအပ်နေသည့် ဒေသများတွင် သန့်စင်သောသောက် သုံးရေများ လှူဒါန်းနိုင်ရန်အတွက် ၂ဝ၁၆ ခုနှစ်အတွင်းရေသယ်ယာဉ် ၄၄ စီးကိုဝယ်ယူခဲ့ပြီး ရေရှားပါးသော ဒေသများသို့ ရေဂါလန်ပေါင်းသန်းချီ၍ ဖြန့်ဝေလှူဒါန်းနိုင်ခဲ့သည်။
ထို့အပြင် ရေလှူဒါန်းမှုများပိုမိုထိရောက်စွာ ပြုလုပ်နိုင်ရန်အတွက် ကူမဲ မြို့ မီးသတ်ဌာနသို့ တစ်စီး၊ ကလေး မြို့ ကလေးလွင်ပြင်လူမှုကူညီရေး အဖွဲ့သို့တစ်စီး၊ မြစ်သားမြို့ ကလျာဏ မိတ္တ လူမှုကူညီရေးအဖွဲ့သို့ တစ်စီး၊ နွားထိုးကြီး မေတ္တာမွန်လူမှုကူညီရေး အဖွဲ့သို့ တစ်စီး၊ ကျောက်ဆည်မြို့ ရွှေစေတီဘိုးဘွားရိပ်သာ လူမှုကူညီ ရေးအဖွဲ့သို့တစ်စီး၊ ဟားခါးမြို့မိမြို့ဖများ အဖွဲ့သို့နှစ်စီး၊ ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ ငါးစီးနှင့် Eleven Media Group ပရတိတအဖွဲ့သို့ တစ်စီး စုစုပေါင်း ရေသယ်ယာဉ်အသစ် ၁၃ စီးလှူဒါန်းခဲ့ပြီးဖြစ်သည်။
ယခုနှစ် မတ်လအတွင်း ရေသယ်ယာဉ်များ ထပ်မံလှူဒါန်းမှုများကြောင့် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင် ဒေးရှင်းအနေဖြင့် နိုင်ငံတစ်ဝန်းရှိ ရေရှားပါးသည့် နေရာဒေသအသီးသီးသို့ ရေသယ်ယာဉ်အသစ်စုစုပေါင်း ၂၉ စီး လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ယခုနွေရာသီကူးပြောင်းချိန်ကာလတွင် မြန်မာနိုင်ငံတစ်ဝန်း ရေရှားပါး သောဒေသများတွင် သောက်သုံးရေ ပိုမို လိုအပ်လာမည်ဖြစ်သဖြင့် ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းအနေဖြင့် အမှန် တကယ်လိုအပ်နေသော ရေရှားပါးသည့် နေရာဒေသအသီးသီးရှိ ပြည်သူ များထံသို့ ရေသယ်ယာဉ်များကို ဆက်လက် ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် မြန်မာပြည်အနှံ့ ရေရှားပါးသောဒေသများနှင့် ရေတွင်းတူးရန် အလွန်ခက်ခဲသော ဒေသများတွင် ခေတ်မီရေတွင်းတူး စက်ကြီးများဖြင့် စက်ရေတွင်းပေါင်း ၁၉၇ တွင်း တူးဖော်လှူဒါန်းပေးခဲ့ရာ မတ် ၂၁ ရက်က ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ၁၄၉ တွင်းမြောက် စက်ရေတွင်းကို အောင်မြင်စွာတူး ဖော်လှူဒါန်းနိုင်ခဲ့သည်။
တစ်ပြိုင် တည်းမှာပင် တောင်ကြီးမြို့ ရှမ်းပြည် နယ်ဗုဒ္ဓတက္ကသိုလ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် သာမိုင်း ခမ်းရွာနှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာဒိုးကျေး ရွာရှိ ဖားအောက်တောရဓမ္မရိပ်သာ တို့တွင်လည်း စက်ရေတွင်းတူးစက် ကြီးများနှင့် တစ်ပြိုင်တည်းဆက်လက် တူးဖော်လှူဒါန်းပေးလျက်ရှိသည်။
၂ဝဝ၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်နန်းလိုင်းခမ်း၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး စသည့်ကဏ္ဍပေါင်းစုံတွင် ငွေကျပ် ၁၁၄ ဘီလီယံကျော်ကို နိုင်ငံတော်နှင့် ပြည်သူအတွက် လှူဒါန်းခဲ့ပြီးဖြစ် ကြောင်း သိရသည်။
(ဝ၁ဝ)
No comments:
Post a Comment