Tuesday, March 28, 2017

တပ်မတော်နေ့အထိမ်းအမှတ် သူရဲကောင်းဗိမာန်(နေပြည်တော်)ဖွင့်လှစ်




 နေပြည်တော် မတ် ၂၇


(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် သူရဲကောင်းဗိမာန် (နေပြည်တော်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ အဆိုပါနေရာ၌ ကျင်းပသည်။ 

 အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်က သူရဲကောင်းဗိမာန်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။ ထို့နောက် သူရဲကောင်းဗိမာန် အဆောက်အအုံအတွင်း ဂုဏ်ပြု ကျောက်တိုင်ဘေးရှိ ကြယ်လေးပွင့်မှ ဂုဏ်ပြုမီးညွန့်များအား စက်ခလုတ်နှိပ်ထွန်းညှိ ပေးကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းဗိမာန်အတွင်းရှိ အထိမ်းအမှတ်ကျောက်တိုင်ရှေ့၌ ဂုဏ်ပြုပန်းခြင်းချ၍ နိုင်ငံတော်နှင့် တပ်မတော် အတွက် အသက်စွန့်လွှတ်ခဲ့ရသူများအား အလေးပြုကြသည်။
သူရဲကောင်းဗိမာန်(နေပြည်တော်)ကြီးကို နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည့် မြန်မာ့သူရဲ ကောင်းများကိုဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာ အုပ်ချုပ်ခွင့်ရရှိ ပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်ရည်ရွယ် တည်ဆောက်ခြင်းဖြစ်သည့်အပြင် ယင်းသူရဲကောင်းများအား နောင်လာနောက်သား များက အမြဲအမှတ်ရနေစေရန် မျိုးဆက်သစ် လူငယ်များ၏စိတ်ထဲတွင် နိုင်ငံတော်ကို ချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့်စိတ်ဓာတ်များ ရှင်သန် ကိန်းအောင်းလာစေရန်အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သူရဲကောင်းဗိမာန်(နေပြည်တော်)ကို တပ်မတော်နေ့စစ်ရေးပြအခမ်းအနား ကျင်းပရာ စစ်ရေးပြကွင်းကြီး၏ အရှေ့ဘက် ပေ ၃ဝဝဝ ခန့်အကွာ အကျယ်အဝန်း ၃၈ ဒသမ ၅ ဧကခန့်ရှိ တောင်ကုန်းပေါ်၌ ၂ဝ၁၆ ခုနှစ် မတ်၂၉ ရက်တွင် စတင်ပန္နက်ရိုက် ၍ စကျင်ကျောက်များဖြင့် တည်ဆောက်ထားပြီး ဗိမာန်ကြီး၏ အလျား၊ အနံ၊ အမြင့် မှာ ၅၄ ပေစီရှိကာ မြန်မာမှုလက်ရာ ၃၄ မျိုးဖြင့် ပုံဖော်ထုဆစ်ထားကြောင်း သိရှိရ သည်။ (သတင်းစဉ်)

No comments:

Post a Comment