
ရန်ကုန် မတ် ၂၄
မတ် ၂၈ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် မြန်မာ့လက်ရွေးစင်အသင်း၏ အာရှဖလားခြေစစ်ပွဲကို မြန်မာဘောလုံးပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်လာရန် ဆောင်ရွက်လျက်ရှိပြီး ခြေစစ်ပွဲအကြိုခြေစမ်းပွဲတွင် အင်ဒိုနီးရှားအသင်းကို အနိုင်ရခဲ့သောကြောင့် မြန်မာအသင်းအပေါ် စိတ်ဝင်စားမှုမြင့်တက်လျက်ရှိသည်။
မြန်မာ့လက်ရွေးစင်အသင်းနှင့် အိန္ဒိယလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်မည့် ၂ဝ၁၉ အာရှဖလားပြိုင်ပွဲ တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကြိုတင်လက်မှတ်များကို မတ် ၂၆၊ ၂၇ ရက်တို့တွင် နေရာသုံးခု၌ ရောင်းချမည်ဖြစ်ပြီး အထူးတန်းကျပ် ၃ဝဝဝ၊ ရိုးရိုးတန်း ကျပ် ၂ဝဝဝ သတ်မှတ်ထားသည်။
ကြိုတင်လက်မှတ်များကို ယင်းနေ့များတွင် သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့၌ နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီ၊ လှည်းတန်းစင်တာတွင် နံနက် ၁ဝ နာရီမှ ည ၈ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တစ်ကျော့ပြန် ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းပြင်ဆင်လျက်ရှိပြီး ခြေစစ်ပွဲများကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စု(က)တွင် ကာဂျစ္စတန်၊ အိန္ဒိယ၊ မကာအိုအသင်းတို့နှင့် ကျရောက်လျက်ရှိပြီး လေးသင်းခြောက်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ၂ဝ၁၉ အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို ယူအေအီးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကာ အသင်းအရေအတွက် တိုးမြှင့်ထားပြီး ၂၄ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အိန္ဒိယအသင်းနှင့် ယှဉ်ပြိုင်ရမည့် ခြေစစ်ပွဲအတွက် မတ် ၁၄ ရက်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး မတ် ၂၁ ရက်က အင်ဒိုနီးရှားနိုင်ငံတွင် အင်ဒိုနီးရှားလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းနှင့် အိန္ဒိယအသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို မတ် ၂၈ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။
(သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-ဖိုးသော်ဇင်)
No comments:
Post a Comment