Saturday, March 25, 2017

တိုင်းရင်းသားစာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ



Image may contain: 1 person, sitting and indoor
နေပြည်တော် မတ် ၂၄
တိုင်းရင်းသားစာပေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာ သီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။
ယနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသား စာပေနှင့် တိုင်းရင်းသားဘာသာစကား စာအုပ်ပေါ်ထွက်နိုင်ရေးဆောင်ရွက်ရာတွင် လိုအပ်သော နည်းပညာ၊ ငွေကြေးအကူအညီ အထောက်အပံ့များနှင့် တိုင်းရင်းသားစာပေသင်ကြားသော တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ငွေကြေးအထောက်အပံ့ရရှိနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ စာပေယဉ်ကျေး မှုအဖွဲ့များသို့ ထောက်ပံ့ငွေပံ့ပိုးပေး နိုင်ရန်အတွက် မူဝါဒရေးဆွဲရာတွင် လိုအပ်မည့် အချက်အလက်များနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် တိုင်းရင်းသားစာပေ ဖြစ်စေရေး၊ စာပေသင်ကြားရန် ဖတ်စာအုပ် Text Book ပြဋ္ဌာန်းထားပြီး ဖြစ်စေရေး၊ အဆိုပါတိုင်းရင်းသားစာပေကို လက်တွေ့ဖတ်ရှု အသုံးပြုနိုင်သည့် စာအုပ်များရှိစေရေး၊ သင်ကြားပြသနိုင်မည့် နည်းပြ ဆရာ ဆရာမများရှိစေရေး၊ တိုင်းရင်းသားစာပေနှင့် စပ်လျဉ်းသည့် အခြားထည့်သွင်းလိုသော အချက်များ၊ စာပေနှင့် ယဉ်ကျေးမှုကိုသာ အဓိကဆောင်ရွက်နေသည့် အဖွဲ့ဖြစ်စေရေး၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းဒေသကြီး အဆင့်တစ်ခုစီအတွင်း လူမျိုးစုတစ်စုအတွက် တာဝန်ခံသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်စေရေး၊ တိုင်းဒေကြီး၊ ပြည်နယ် အဆင့်အဖွဲ့ဖြစ်ပါက တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ခုလုံးအတွက်၊ ခရိုင်အဆင့် အဖွဲ့ဖြစ်ပါက ခရိုင်တစ်ခုလုံး အတွက်၊ မြို့နယ်အဆင့်အဖွဲ့ဖြစ်ပါက မြို့နယ်တစ်ခုလုံးအတွက် မိမိတိုင်းရင်းသားများ၏ စာပေနှင့် ယဉ်ကျေးမှုသင်တန်းများကို တာဝန်ခံဖွင့်လှစ်သည့် အဖွဲ့ဖြစ်စေရေးကိစ္စရပ်များကို အစုအဖွဲ့အလိုက်အကြံပြု ဆွေးနွေးကြသည်။
ဆက်လက်၍ စာပေယဉ်ကျေးမှု အဖွဲ့နှင့်စပ်လျဉ်းသည့် အခြားထည့်သွင်းလိုသောအချက်များ၊ သင်တန်းများသည် နွေရာသီအတွင်း ဖွင့်လှစ်သည့် သင်တန်းမျိုးဖြစ်စေရေး၊ သင်တန်းကာလ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် သင်တန်းများတွင် အနည်းဆုံးရှိရမည့် သင်တန်းသား ဦးရေ၊ တိုင်းရင်းသားစာပေသင်တန်း ပို့ချခြင်းနှင့်စပ်လျဉ်းသည့် အခြားထည့်သွင်းလိုသည့် အချက်များ၊ ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကိစ္စရပ်များကို အစုအဖွဲ့အလိုက် အကြံပြုဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် တိုင်းရင်းသား စာပေသင်ကြားသော တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား ငွေကြေးထောက်ပံ့နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဦးကျုန်လွမ်း၊ ဦးစောဗစ် တာခလိုက်၊ ဦးစိုင်းခမ်းနွတ်၊ ဦးဘအောင်၊ ဒေါက်တာစံလှကျော်၊ ဒေါ်နန့်ဝမ်းကြည်နှင့် ဦးစောနွဲ့ထွန်းဦးတို့က ဆွေးနွေးကြသည်။
ယင်းနောက် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် က တိုင်းရင်းသားစာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
မွှေးကြူဇင်(သတင်းစဉ်)

No comments:

Post a Comment