
လီမာ မတ် ၂၆
ပီရူးနိုင်ငံတွင် သုံးလတိုင်တိုင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နိုင်ငံအတွင်း၌ ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားကာ အနည်းဆုံးလူ ၈၈ ဦးသေဆုံးခဲ့ကြောင်းနှင့် လူပေါင်းများစွာ ရေဘေးဒုက္ခရောက်ရှိနေကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ်အရ သိရသည်။
ဒီဇင်ဘာလကစပြီး မိုးရွာသွန်းမှုများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံအတွင်းရှိ မြစ်များတွင် ရေများပြည့်လျှံ လျက်ရှိကာ မြေပြိုမှုများလည်း မကြာခဏဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
ရေကြီးရေလျှံမှုများကြောင့် မတ် ၂၅ ရက်အထိ လူပေါင်း ၈၈ ဦး သေဆုံးသွားခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၆ ဦး ပျောက်ဆုံးလျက်ရှိသည်ဟု ပီရူးအစိုးရအဖွဲ့က ဆိုသည်။ ထို့ပြင် လူနေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် အတွက် လူပေါင်း တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ရေဘေးဒုက္ခကို ဆိုးရွားစွာရင်ဆိုင်နေရသည်။
မြို့တော်လီမာရှိ အစိုးရအဆောက်အအုံတစ်ခု၌ အရေးပေါ်ကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ ရေဘေး ဒုက္ခရင်ဆိုင်နေရသည့် ပြည်သူများအား အစာရေဆာ ထောက်ပံ့မှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ရေကြီးရေလျှံမှုများသည် တစ်နေ့တခြားပိုမိုဆိုးရွား လာသည့်အတွက် အစားအစာထောက်ပံ့ပေးမှုများ ပိုမို လိုအပ်လျက်ရှိသည်။ မတ် ၂၄ ရက်ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ ပီဒရို ပါဘလို ကူဆေ စကီက ပီရူးနိုင်ငံသည် ရှောင်လွဲ၍မရသော သဘာဝ ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ဘေးဒုက္ခဆိုးနှင့် ရင်ဆိုင်နေရချိန်တွင် ပီရူးနိုင်ငံသားများအနေဖြင့် အချင်းချင်းကူညီရိုင်းပင်းကာ စည်းလုံးညီညွတ်မှုရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ။
No comments:
Post a Comment