
မော်လမြိုင် မတ် ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေး စာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ် (ဘက်စုံခန်းမ) ၌ ကျင်းပသည်။
အခမ်းအနားကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ကျောင်းသားကျောင်းသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ မွန်ပြည်နယ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများက ကလေးစာပေပွဲတော် Theme Song ကို သီဆို၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က အမှာစကားပြောကြားရာတွင် ကလေးစာပေပွဲတော်၏ ရည်ရွယ်ချက်သည် ကလေးများဖွံ့ဖြိုးတိုးတက် ရေးနှင့်စာပေဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသူ နိုင်ငံသားကလေးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးကို ဒွန်တွဲပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း။
စာပေဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် ဒွန်တွဲနေပါကြောင်း၊ မိမိတို့နိုင်ငံသည် မဖွံ့ဖြိုး၊ မတိုးတက်သေးသည့် နိုင်ငံဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းစနိုင်ငံ၊ ကြိုးပမ်းနေဆဲနိုင်ငံဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိုတိုင်းပြည်တွင် စာပေထွန်းကားမှုသည် တိုက်ရိုက်အချိုးကျပါကြောင်း။
တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုသည် သဘာဝသယံဇာတထက် လူသယံဇာတဖွံ့ဖြိုးမှုက ပိုအရေးကြီးသည်ကို သိမြင်လာကြပြီဖြစ်ပါကြောင်း၊ တိုင်းပြည်တွင် မြေပေါ်၊ မြေအောက် သယံဇာတမည်မျှရှိရှိ တိုင်းသူ ပြည်သားများ အရည်အချင်းအစွမ်းအစမရှိ၊ တစ်နည်းအားဖြင့် လူသယံဇာတမဖွံ့ဖြိုးလျှင် တိုင်းပြည် မဖွံ့ဖြိုးမတိုးတက် နိုင်ပါကြောင်း။
စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်ရန်၊ စာကို မကြောက်ရန်၊ စာနှင့်ရင်းနှီးကျွမ်းဝင်လာခဲ့သည့် အလေ့အထ၊ အစဉ်အလာရှိရန်၊ စာဖတ်ဝါသနာ ပျိုးထောင်ပေးရန်လိုပါကြောင်း၊ လူတိုင်းလူတိုင်း စာဖတ်ဝါသနာ ပျိုးထောင်သည့်အလုပ်ကိုလုပ်ရန် အကောင်းဆုံးအသက်အရွယ်မှာ ကလေးအရွယ်ဖြစ်သည့်အတွက် ကလေးစာပေပွဲတော်များကို ကျင်းပခြင်းဖြစ်ပါကြောင်း။
ကလေးများတွင် စာပေပေါ်ချစ်ခင်သည့် စိတ်ဓာတ်၊ စာပေတွင် ပျော်မွေ့သည့် စိတ်ဓာတ် ကိန်းအောင်းသွားပြီဆိုလျှင် စာပေနှင့်ထာဝရထိတွေ့သည့် ကလေးများဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ထိုအခါ ကလေးများ၏ဖွံ့ဖြိုးတိုး တက်မှုစိတ်ချရသည့် အနေအထားကို ရရှိမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ကလေးများနှင့် ဖွဲ့စည်းထားသည့် မိမိတို့တိုင်းပြည်၏ အနာဂတ်သည်လည်း လှပလာမည်ဟု ယုံကြည်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အမှာစကားပြောကြားပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ရွှေနတ်တောင် အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မွန်ရိုးရာအကဖြင့်လည်းကောင်း၊ သာသနာ့ဇောတက အမှတ် (၅) ဘုန်းတော်ကြီးသင် အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား ကျောင်းသူများက ကရင်ဒုံးအကဖြင့်လည်းကောင်း၊ ပအိုဝ်းတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ က ပအိုဝ်းရိုးရာအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ မွန်ပြည် နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် ကလေးစာပေပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များကို လှည့်လည်ကြည့်ရှုအားပေးပြီး ကလေးစာပေပွဲတော်သို့ တက်ရောက်လာကြသည့် ကလေးငယ်များနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
မော်လမြိုင်ကလေးစာပေပွဲတော် ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်ကို မတ် ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲရက်များတွင် ဖျော်ဖြေရေး အစီအစဉ်များ၊ ၃၈ ဖြာမင်္ဂလာသုတ် ရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စက္ကူခေါက် ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊ ဂိမ်းကစားပွဲများ၊ ပန်းချီပြိုင်ပွဲများ၊ စာပေဟောပြောပွဲများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(အောင်မင်းဟန်)
No comments:
Post a Comment