Sunday, March 26, 2017

အရပ်သားသေဆုံးမှုနှုန်း မြင့်မားလာသောကြောင့် အီရတ်တပ်ဖွဲ့ ထိုးစစ်ရပ်တန့်




မိုဆူးလ် မတ် ၂၅ 


အီရတ်အစိုးရတပ်ဖွဲ့အနေဖြင့် အရပ်သားသေဆုံးမှုနှုန်း မြင့်တက်လာသောကြောင့် အိုင်အက်စ် အကြမ်းဖက်စစ်သွေးကြွများလက်မှ မိုဆူးလ်အနောက်ဘက်ဒေသ ပြန်လည်ရရှိရေး ထိုးစစ်ဆင်မှုများအား မတ် ၂၅ ရက်က ခေတ္တခဏရပ်နားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။  

 မတ် ၁၇ ရက်က အီရတ် သို့မဟုတ် အမေရိကန်တပ်ဖွဲ့များ၏ လေကြောင်း ချီတိုက်ခိုက်မှုများကြောင့် အိုင်အက်စ်ထိန်းချုပ်နယ်မြေဖြစ်သည့် မိုဆူးလ်ရှိ အယ်လ်ဂျာ ဒီဒါ့ဟ်ဒေသတွင် လူပေါင်းများစွာ သေဆုံးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည့် အစီရင်ခံစာအပေါ် ကုလသမဂ္ဂအနေဖြင့် စိုးရိမ်မှုဖြစ်ပေါ်ခဲ့သောကြောင့် ယခုကဲ့သို့ ထိုးစစ်ဆင်မှုများအား ခေတ္တခဏရပ်နားလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ ပြည်သူများအသက် ဆုံးရှုံးခဲ့ရသည့်အပေါ် များစွာစိတ်မကောင်းဖြစ်ရကြောင်း အီရတ်နိုင်ငံ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး လိုက်စ်ဂရန်ဒီက သတင်းထုတ်ပြန်ချက်တွင် ပြောခဲ့သည်။ 

အိုင်အက်စ်အကြမ်းဖက်ဆန့်ကျင် လေကြောင်းချီတိုက်ခိုက်မှုများပြီးနောက် လူပေါင်း များစွာ အဆောက်အအုံအပျက်အစီးများအောက်တွင် မြေမြှုပ်ပြီးသားဖြစ်ခဲ့ကြောင်း၊ အရပ်သားကာကွယ်ရေးအဖွဲ့ အရာရှိများနှင့် ဒေသခံများက ပြောခဲ့သည်။ 

အဆောက်အအုံများ မည်သည့်အတွက်ကြောင့် ပြိုကျမှုဖြစ်ပွားခဲ့သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ဒေသခံနှစ်ဦးနှင့် ရှေ့နေတစ်ဦးတို့က လေကြောင်း တိုက်ခိုက်မှုသည် ဖောက်ခွဲပစ္စည်းများ အပြည့်တင်ထားသော အိုင်အက်စ် ကုန်တင် ယာဉ်ကို ထိမှန်ရာမှတစ်ဆင့် အဆောက်အအုံများ ပျက်စီးခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြောခဲ့ သည်။ 

အရပ်သားသေဆုံးမှုအရေအတွက် ဖော်ပြချက်များကွဲပြားမှုများ ရှိနေသေး သော်လည်း ကယ်ဆယ်ရေးအဖွဲ့အနေဖြင့် အဆောက်အအုံအပျက်စီးများအောက်မှ သေဆုံးသူ ၄ဝ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးအကြီးအကဲ အယ်လ်ဂျာဝါရီက သတင်းထောက်များကို ပြောခဲ့သည်။
(ရိုက်တာ)

No comments:

Post a Comment