Sunday, March 26, 2017

ပကတိအခြေအနေနှင့် ကိုက်ညီမှန်ကန်



မြန်မာ့အလင်းအယ်ဒီတာအာဘော်



ရခိုင်ပြည်နယ်၏ ပကတိအခြေအနေသည် ထိလွယ်ရှလွယ်ပြီး ဖြေရှင်းရန် စိန်ခေါ်မှုကြီးမားနေဆဲ အခြေအနေဖြစ်ပါသည်။

လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားသည့် လူ့အဖွဲ့အစည်း နှစ်ရပ်ကြားမှ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ပဋိပက္ခနှင့် တင်းမာမှုများ၊ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျသည့် အခြေအနေနှင့် ဆင်းရဲမွဲတေမှုမြင့်မားသည့် အခြေအနေများအပြင် အတိတ်ကာလ တစ်လျှောက် ချမှတ်လုပ်ကိုင်ခဲ့သည့် မူဝါဒနှင့် စီမံခန့်ခွဲမှုများ၏ အားနည်းချက်များကြောင့် ရခိုင်ပြည်နယ်မှ ပြဿနာများသည် ရှုပ်ထွေးနက်ရှိုင်းသလောက် ဖြေရှင်းရန်မလွယ်ကူကြောင်း ရခိုင် ပြည်နယ်ဆိုင်ရာ သုတေသီတစ်ဦးဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့၏ မြန်မာ နိုင်ငံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Jacques Leider က ပြောကြားခဲ့သည်။

နိုင်ငံတကာ မီဒီယာများအနေဖြင့် ဒေသခံတိုင်းရင်းသားပြည်သူ များ၏ ခံစားချက်နှင့် ¤င်းတို့၏ အကျိုးစီးပွားတို့ကို မျက်ကွယ်ပြုကြ သည့်အပြင် အစွန်းရောက် လူမျိုးရေးဝါဒီများအဖြစ် ရည်ရွယ်ချက်ရှိရှိ ပုံဖော်ခဲ့ကြသည်။ ရခိုင်ပြည်နယ်၏ ပြဿနာများအပေါ်တွင်လည်း ဘာသာရေးအရ ခွဲခြားဖိနှိပ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအဖြစ် ကာလရှည်လျားစွာ အချိန်ယူပြီး ပုံဖော်ရေးသားထုတ်လွှင့်ခဲ့ကြသည်။စင်စစ်အားဖြင့် ရခိုင်ပြည်နယ်၏ ပဋိပက္ခပြဿနာများကို ဖြေရှင်းရာတွင် နိမ့်ကျနေသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် မြင့်မားနေသည့် ဆင်းရဲမွဲတေမှု အခြေအနေတို့ကို ဖြေရှင်းပေးခြင်းဖြင့်သာ အခြေခံအကျဆုံးသော အကြောင်းတရားတို့ကို စတင်ကိုင်တွယ်နိုင်ရန် လိုအပ်မည်ဖြစ်သည်။

တစ်နှစ်သက်တမ်းရှိလာပြီဖြစ်သည့် လက်ရှိနိုင်ငံတော်အစိုးရ အနေဖြင့်လည်း နိုင်ငံတော်တာဝန်ကိုရယူပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ရခိုင်အရေးကိုဖြေရှင်းနိုင်ရန် ကြိုးပမ်းမှုများ စတင် လုပ်ဆောင်ခဲ့သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု တိုးမြှင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ''ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ'' ကို လည်းကောင်း၊ ရခိုင်ဒေသ၏ ပြဿနာရပ်များကို ရေရှည်တည်တံ့သော အဖြေရရှိရေးအတွက် '' ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်'' ကို ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်ဟောင်း ကိုဖီအာနန်ကို ဦးဆောင်စေ၍လည်းကောင်း အသီးသီး ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း နယ်ခြား စောင့်ရဲဌာနချုပ်နှင့် ရဲစခန်းများ လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ် ပြီး နောက်ဆက်တွဲစွပ်စွဲချက်များ ထွက်ပေါ်လာရာတွင်လည်း ဒုတိယ သမ္မတ ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းကာ အလေးအနက်ထား ဆောင်ရွက်ခဲ့သည်။ စွပ်စွဲမှုများ ခိုင်လုံပါက တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အမှုဖွင့် တရားစွဲဆိုဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းလည်း အတိအလင်းထုတ်ပြန်ခဲ့သည်။

ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ပီပီပြင်ပြင် ဖြစ်ပေါ်ရပ်တည် နိုင်လာစေရန် ကြိုးပမ်းလျှောက်လှမ်းနေရဆဲ နိုင်ငံတစ်နိုင်ငံ၏ ဒုတိယမြောက်အဆင်းရဲဆုံး ပြည်နယ်တစ်ခုမှ လူ့အသိုင်းအဝိုင်းနှစ်ခုအကြားဖြစ်ပွားနေသည့် ကာလရှည်ကြာ ပဋိပက္ခဖြစ်စဉ်အတွက် ရေရှည် တည်တံ့သော အဖြေတစ်ရပ်ရရှိရန် နိုင်ငံကိုတာဝန်ယူထားသည့်အစိုးရ တစ်ရပ်အနေဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည်များကို အသိအမှတ်ပြုကာ ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းအားဖြင့်သာ အဖြေ မှန်ရရှိနိုင်ရန် အနီးစပ်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်ပြဿနာမှာ ဘာသာရေးခွဲခြားဖိနှိပ်မှု၊ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများအဖြစ် နိုင်ငံတကာ မီဒီယာ များ၏ ရည်ရွယ်ချက်ရှိရှိ ပုံဖော်ပွဲထုတ်မှုများနှင့်အတူ ဘာသာရေး နောက်ခံတူညီသည့် နိုင်ငံတကာအဖွဲ့အစည်း၊ လူ့အခွင့်အရေး ရှုထောင့် တစ်ခုတည်းမှသာ ရှုမြင်ဆောင်ရွက်မည့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ တစ်ဖက်သတ် ဆောင်ရွက်ချက်များက ပြဿနာကို လျော့ပါးပြေလည် စေသည်ထက် ပဋိပက္ခများကို ပိုမိုဆိုးရွားရှုပ်ထွေးစေသည့် အခြေသို့သာ ဆိုက်ရောက်သွားစေမည်ဖြစ်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ တစ်ဖွဲ့ မြန်မာနိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက သဘောတူလက်ခံခြင်း မရှိသည်မှာ ရခိုင်ပြည်နယ်၏ မျက်မှောက် ပကတိအခြေအနေနှင့် ကိုက်ညီမှန်ကန်သည့် တုံ့ပြန်ဆောင်ရွက်ချက် ဖြစ်ပါကြောင်း ။ ။

No comments:

Post a Comment