Sunday, March 26, 2017

မြန်မာနိုင်ငံ၏ကုန်သွယ်မှု ၂ဝ၁၆ ခုနှစ်၌ ကန်ဒေါ်လာ ၂၉ ဒသမ ၂ ဘီလီယံအထိ မြင့်တက်ခဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ် နှစ်ပတ်လည်အစည်းအဝေး၌ မိန့်ခွန်းပြောကြား




ဘိုအော မတ် ၂၅


 ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့ နံနက် ၉ နာရီတွင် ဘိုအောမြို့၌ ကျင်းပသည့် ၂ဝ၁၇ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည်အစည်းအဝေး (Boao Forum For Asia Annual Conference 2017) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ခေတ္တတည်းခိုသည့်ဟိုတယ်မှBoao International Conference Center သို့ရောက်ရှိရာ ဘိုအောဖိုရမ်ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ မစ္စတာ ကျန်းဖေရန်က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်သည်။

ထို့နောက် ဒုတိယသမ္မတသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလီ၊ အာရှဒေသ
ဆိုင်ရာ ဘိုအောဖိုရမ်ဥက္ကဋ္ဌ မစ္စတာ ယာဆူအို ဖူကူဒါ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံအကြီး အကဲများ၊ အစိုးရအဖွဲ့အကြီးအကဲ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဖွင့်ပွဲအခမ်းအနားတက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ ဖိတ်ကြား ထားသည့် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီး အကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ဥက္ကဋ္ဌများ၊ အာရှဘိုအောဖိုရမ် အမှု ဆောင်ဘုတ်အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုင်နန်ပြည်နယ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြပြီး ဒုတိယသမ္မတနှင့်အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက် ကြသည်။

ကြိုဆို နှုတ်ခွန်းဆက်စကားပြော
အခမ်းအနားတွင် ဘိုအောဖိုရမ် ဥက္ကဋ္ဌ ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း မစ္စတာ ယာဆူအို ဖူကူဒါက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ကျန်းကောင်းလီ၊ မဒါဂါးစကားသမ္မတ နိုင်ငံ သမ္မတ H.E.Hery Martial Rajao-narimampianina၊ မိုက်ခရို နီးရှား ဖက်ဒရယ်ပြည်ထောင်စုသမ္မတ H.E. Peter M.Christian၊ နီပေါ နိုင်ငံ ဝန်ကြီးချုပ် H.E.Puspa Kamal Dahal 'Prachanda' နှင့် အာဖဂန် နစ္စတန်နိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ H.E.Fazel Hadi Muslimyar တို့က မိန့်ခွန်းပြောကြားကြသည်။

မိန့်ခွန်းပြောကြား
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်းပြောကြားရာတွင် မိမိအား ယခုကဲ့သို့ ဖိုရမ်သို့ ဖိတ်ကြားမှု၊ နွေးထွေးစွာကြိုဆိုမှုနှင့် ဖိုရမ်ကျင်းပ ရေးအတွက် အကောင်းဆုံးစီစဉ်ဆောင် ရွက်ထားမှုတို့အပေါ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအစိုးရနှင့် ဘိုအောဖိုရမ် ကျင်းပရေးကော်မတီတို့ကို ကျေးဇူးတင် ရှိပါကြောင်း။
ယခုနှစ် ဖိုရမ်၏ခေါင်းစဉ်မှာ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လွတ်လပ်စွာ ကုန်သွယ်မှုများနှင့်ပတ်သက်၍ အာရှ ဒေသ၏အမြင်များ ဖြစ်ပါကြောင်း၊ ယခု အချိန်တွင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လွတ်လပ်စွာကုန်သွယ်မှုများ ပိုမိုခိုင်မာ လာစေရေးအပေါ် နောက်ကြောင်းပြန် လှည့်မည့် လက္ခဏာများ တွေ့မြင်နေရ သည့်အတွက် ယခုနှစ်ဖိုရမ်၌ အဆိုပါ ခေါင်းစဉ်ကို ရွေးချယ်ခဲ့ခြင်းသည် သင့် လျော်မှုရှိပြီး အချိန်အခါနှင့်လည်း ကိုက်ညီမှုရှိပါကြောင်း။

အလေးထား ဆွေးနွေးရန်လိုအပ်
ကိုယ်ကျိုးစီးပွား ကာကွယ်သော မူဝါဒ(Protectionism) အား ပြန်လည် အသက်သွင်းရန် မည်သည့်ကြိုးပမ်းမှု မဆို ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်အတွက် မည်သို့မျှ အထောက်အကူ ပြုစေမည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု နှင့် စီးပွားရေးပုံစံအသစ်များဖြင့် ပတ် သက်ပြီး မိမိတို့၏ပူးတွဲကြိုးပမ်းဆောင် ရွက်မှုများ ပိုမိုခိုင်မာလာစေရေးအတွက် အလေးထား ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း။

ကုန်သွယ်ရေးအရ ပေါင်းစည်း ဆက်နွှယ်မှု တိုးမြင့်ရေးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုများ ရရှိစေရန်အတွက် ထိရောက်သော လုပ်ငန်းစဉ်တစ်ခုဖြစ် သည်ဟု မြန်မာနိုင်ငံအနေဖြင့် ယုံကြည် ပါကြောင်း။

မဟာဗျူဟာအရ ပိုမိုကောင်းမွန်
မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံ ရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ရည်မှန်းချက်မြင့်မား၍ ရေရှည်အကျိုး ရှိစေမည့် ပြုပြင်ပြောင်းလဲမှုများကို ၂ဝ၁၁ ခုနှစ်တွင် စတင်ဖော်ဆောင်ခဲ့ ပါကြောင်း၊ အဆိုပါ ပြုပြင်ပြောင်းလဲမှု များကြောင့် မြန်မာနိုင်ငံသည် ပိုမို ပွင့်လင်းမြင်သာပြီး တက်ကြွသော လူမှု အသိုက်အဝန်းတစ်ခုအဖြစ် ရောက်ရှိ လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ယခုအခါ ဒေသတွင်းစီးပွားရေး ပေါင်းစည်းဆက်နွှယ်မှုအတွက် မဟာ ဗျူဟာအရ ပိုမိုကောင်းမွန်သော အနေ အထားတွင် ရောက်ရှိနေပြီဖြစ်ပါကြောင်း။

အလားအလာကောင်းများရှိနေ
အာရှဒေသအနေဖြင့် အာဆီယံ- တရုတ် လွတ်လပ်စွာ ကုန်သွယ်မှုဒေသ၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက် အစီအစဉ်၊ ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်ခုအစီအစဉ်၊ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းသစ်တစ်ခုဖြစ်သော အာရှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက် ရေး ရင်းနှီးမြှုပ်နှံမှုဘဏ်တို့မှတစ်ဆင့် စီးပွားရေးအရ ပေါင်းစည်းဆက်နွှယ်မှု မြှင့်တင်ရန် အလားအလာကောင်း များရှိနေပါကြောင်း၊ ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု အစီအစဉ်နှင့် အာရှအခြေခံအဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုဘဏ်တို့ သည် ပူးပေါင်းဆောင်ရွက်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက် အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်မည်ဟု ယုံကြည် ပါကြောင်း။

အကောက်ခွန်ဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲ
မြန်မာနိုင်ငံအနေဖြင့် က္ဘာ့စီးပွား ရေးနှင့် တစ်သားတည်း ပေါင်းစည်းနိုင်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ခဲ့ပါကြောင်း၊ ကုန်သွယ်မှုအဆင်ပြေ ချောမွေ့ရန်အတွက် ထိရောက်သော ဆောင်ရွက်ချက်များဖြစ်သည့် အမျိုးသား ပို့ကုန်မဟာဗျူဟာကို ချမှတ်ကျင့်သုံး ခြင်း၊ ကုန်သွယ်မှုအတားအဆီးများ လျှော့ချခြင်း၊ ပင်လယ်ရေကြောင်းနှင့် ကုန်းတွင်းပိုင်း အကောက်ခွန်ဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲခြင်း၊ အာဆီယံ နိုင်ငံများအတွင်း ဖြတ်သန်းသယ်ယူ ပို့ဆောင်သည့် အကောက်ခွန်စနစ်နှင့် က္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ကုန် သွယ်မှုချောမွေ့ရေး သဘောတူညီချက် များတွင် ကုန်သွယ်မှုလွယ်ကူစွာ စီးဆင်း နိုင်ရေးအားရည်ရွယ်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း။

အမျိုးသားစီးပွားရေးမူဝါဒရေးဆွဲ
မြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့် ၂ဝ၁၆ ခုနှစ်တွင် စတင်တာဝန်ယူပြီး နောက်ပိုင်း အမျိုးသားပြန်လည်ရင်ကြား စေ့ရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို အလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းမှုများအပေါ် အထောက်အပံ့ ဖြစ်ရန် ပြည်နယ်များနှင့် တိုင်းဒေသ ကြီးများအကြား သဘာဝအရင်းအမြစ် များကို မျှမျှတတခွဲဝေနိုင်ရေးနှင့် ရေရှည်ထိန်းသိမ်းသွားနိုင်ရေးအတွက် စီးပွားရေးမူဘောင် ချမှတ်နိုင်ရန် အမျိုးသားစီးပွားရေးမူဝါဒကို ရေးဆွဲ ဆောင်ရွက်ခဲ့ပါကြောင်း။

အာမခံချက် ခိုင်ခိုင်မာမာ ပေးထား
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ ချောမွေ့စွာ ရင်းနှီးမြှုပ်နှံနိုင်သည့် ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ရန် ရည် ရွယ်ပြီး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကို ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်တွင် ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေသစ်သည် ရင်းနှီးမြှုပ်နှံသူများနှင့် ၄င်းတို့၏ ရင်းနှီး မြှုပ်နှံမှုများကို အာမခံချက် ခိုင်ခိုင်မာမာ ပေးထားပါကြောင်း။

အမေရိကန်ဒေါ်လာ
၈ ဘီလီယံ အထိ မြင့်တက်ခဲ့
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုသည် လည်း ၂ဝ၁၆ ခုနှစ်၌ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂ ဘီလီယံအထိ မြှင့်တက်ခဲ့ ပြီး နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ အထိ မြင့်တက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လာမည့် ဆယ်စုနှစ်များ၌ အားကောင်းသော အဖွဲ့အစည်းများ၊ ခိုင်မာသော အခြေခံအဆောက်အအုံ နှင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးတို့ အတွက် ရည်မှန်းဆောင်ရွက်လျက်ရှိ ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖော်ဆောင်ရန်၊ ဒေသတွင်း နှင့် ကမ္ဘာ့စီးပွားရေးတို့၌ တစ်သားတည်း ပေါင်းစည်းနိုင်ရေးအတွက် ဒေသအတွင်း ရှိ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ နှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ၂ဝ၁၇ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုအောဖိုရမ်နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)

No comments:

Post a Comment