ပဲခူး မတ် ၂၃
ပဲခူးတိုင်းဒေသကြီးအတွင်း ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေတံခါး ရေသောက်
စနစ်နည်းလမ်းများဖြင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အတွက် နွေစပါးစိုက်ဧက ၁၆၃ဝဝဝ
ကျော် လျာထားစိုက်ပျိုးခဲ့ရာ ယခုအချိန်သည် အောင်ရေ ရယူသည့်အချိန်ကာလ
ဖြစ်သောကြောင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနဝန်ထမ်း
များအနေဖြင့် နွေစပါးစိုက်ပျိုးရေ အောင်ရေပေးဝေခြင်းအား ဆောင်ရွက်လျက်ရှိရာ ပဲခူးခရိုင်အတွင်းတွင်လည်း ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေတံခါး ရေသောက်စနစ်များဖြင့် စိုက်ပျိုးဧက ၄၅၉ဝဝ ကျော် လျာထားစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ပဲခူးခရိုင်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် နွေစပါးအောင်ရေ ပေးဝေနေမှု၊ နွေစပါးဖြစ်ထွန်းအောင်မြင်နေမှုအခြေအနေတို့ကို မတ် ၂၂ ရက်က ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်စိုးတို့ ကွင်းဆင်းကြည့်ရှုခဲ့ရာ ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်း ဇောင်းတူရေလွှဲဆည်ရေသောက်စနစ် ရေပေးမြောင်းများမှ ရေပေးဝေနေမှု၊ ဇောင်းတူလက်တံ(၂)မြောင်းမှ မိုးယွန်းကြီးကန်သို့ ရေဖြည့်တင်းနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူးနှင့်အဖွဲ့သည် ပဲခူးမြို့နယ် စလူရေလှောင်တမံသို့ သွားရောက်ပြီး တမံမှဇောင်းတူရေလွှဲဆည်သို့ ရေဖြည့်တင်းနေမှုနှင့် ဝါးက
တုတ်ရေလှောင်တမံမှ ဘုရားလေးချောင်း၊ ထိုမှတစ်ဆင့် မိုးယွန်းကြီးကန်သို့ ရေဖြည့်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ယခုအချိန်သည် အောင်ရေပေးဝေသည့် အချိန်ရောက်ရှိလာသည့်အတွက် အလွန်အရေးကြီးကြောင်း၊ အောင်မြင်နေသော စပါးခင်းများအတွက် ရေသေချာစေရန် စနစ်တကျစီမံခန့်ခွဲရမည်ဖြစ်ကြောင်း၊ ရာသီဥတုပူပြင်းလာမှုနှင့်အတူ ရေဆုံးရှုံးမှုများရှိလာမည့်အတွက် မလိုအပ်သောရေသုံးစွဲဆုံးရှုံးခြင်းများ မရှိရအောင် စနစ်တကျ ကွင်းဆင်းစီမံရမည်ဖြစ်ကြောင်း၊လက်ရှိရေပေးဝေခဲ့မှုအတွေ့အကြုံများအရ နောင်နှစ်ရေပေးဝေရန်အတွက် ပိုမိုကောင်းမွန်သော နည်းလမ်းများအား နွေစပါးရာသီပြီးလျှင် ကြိုတင်ဆောင်ရွက်နိုင်ရန် စီစဉ်ထားရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

သူရအောင်(ပြည်)
No comments:
Post a Comment