Friday, March 24, 2017

ချစ်သူသစ်နဲ့အတူ အခမ်းအနားတက်ရောက်လာခဲ့တဲ့ မက်ခ်အန်ထော်နီ


Image may contain: 2 people, people smiling, people standing and shoes
ကျော်ကြားတဲ့ တေးရေးတေးဆိုတစ်ဦးဖြစ်တဲ့ မက်ခ်အန်ထော်နီဟာ ချစ်သူသစ်ရသွားပြီဖြစ်ကြောင်း သတင်းတွေပေါ်ထွက်လာခဲ့ပြီးနောက် လတ်တလောမှာတော့ ချစ်သူသစ်နဲ့အတူ နယူးယော့ခ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်လာခဲ့တာကြောင့် မက်ခ်အန် ထော်နီအနေနဲ့ ချစ်သူသစ်ရသွားပြီဆိုတာကို အတည်ပြုပြောကြားလိုက် တာဖြစ်ကြောင်း ဟောလိဝုဒ်မီဒီယာတွေက ရေးသားဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၁ ရက်မှာ ကျင်းပခဲ့တဲ့ Maestro Cares ဖောင်ဒေးရှင်းက ကျင်းပပြုလုပ်တဲ့အခမ်းအနားကို လတ်တလောမှာ အသက်(၄၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ခ်အန်ထော်နီက ချစ်သူအသစ်လေး မာရီယာနာဒေါင်းနင်းနဲ့ အတူတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ အသက်(၂၁) နှစ်ရှိပြီဖြစ်တဲ့ မာရီယာနာဟာ မော်ဒယ်လ်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေကို လုပ်ဆောင်နေသူတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ အသက်အရွယ်အားဖြင့် ကွာခြားပေမယ့်လည်း အဆိုပါအခမ်းအနားကို တက်ရောက်လာခဲ့တဲ့ သူတို့နှစ်ဦးဟာ မီဒီယာတွေ နဲ့ တွေ့ဆုံကာ ဓာတ်ပုံရိုက်ကူးစဉ်မှာ တစ်ယောက်ကို တစ်ယောက် ဖက်ထားကြပြီး နှစ်ဦးသားမှာ တူညီတဲ့အပြုံးတွေရှိနေတာကိုလည်း တွေ့ခဲ့ရကြောင်း အီးအွန်လိုင်းဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။
မက်ခ်အန်ထော်နီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ဇနီးဖြစ်သူ ရှန်နွန်ဒီလီမာနဲ့ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ ဒီလို လက်ရှိအိမ်ထောင်နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ယခင်က နှစ်အတော်ကြာလက်တွဲခဲ့တဲ့ ဇနီးဟောင်း ပေါ့ပ်ကြယ်ပွင့် ဂျနီဖာလိုပက်ဇ်နဲ့ ပူးပေါင်းဖျော်ဖြေခဲ့တာတွေရှိခဲ့တာကြောင့် နှစ်ဦးသား ပြန်လည်လက်တွဲတော့မှာလားရယ်လို့ ပရိသတ်တွေက မျှော်လင့်ခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးအကြားက ရင်းနှီးနွေးထွေး လွန်းတဲ့ ဆက်ဆံရေးတွေကို တွေ့မြင်ခဲ့ရတဲ့အတွက် နှစ်ဦးသားအချစ်တွေ မပြယ်ကြသေးဘူးလို့ ဟောလိဝုဒ်မီဒီယာတွေက ဝေဖန်ရေးသားခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ကောလာဟလတွေ အဆုံးမသတ်သေးခင်မှာဘဲ မက်ခ်အန်ထော်နီရဲ့ အချစ်ဇာတ်လမ်းသစ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
မက်ခ်ဟာ မိုင်ယာမီမော်လ်ဒယ်တစ်ဦးဖြစ်သူ မာရီယာနာဒေါင်းနင်းနဲ့ ချစ်သူတွေဖြစ်နေကြောင်း ကောလာဟလတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး နောက်ပိုင်းမှာ လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်တဲ့ အင်စတာဂရမ်စာမျက်နှာ တွေပေါ်အထိ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို သယ်ဆောင်လာရင်း တရားဝင်လက်တွဲလာခဲ့ကြတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နှစ်ဦးသား ပေါ်ပေါ်ထင်ထင်လက်တွဲကာ မီဒီယာတွေအရှေ့အထိပါ ထွက်ရှိလာပြီး ယခုလို အခမ်းအနားတွေကိုပါ အတူတက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အွန်လိုင်းမီဒီယာတစ်ခုဖြစ်တဲ့ ဝေဟဲလ်မီနာမိုင်ယာမီကတော့ မက်ခ်အန်ထော်နီနဲ့ မာရီယာနာဒေါင်းနင်းတို့ဟာ ချစ်သူတွေဖြစ်နေကြတာ လအတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ နှစ်ဦးသားအလည်အပတ် ခရီးတွေလည်း ထွက်ခဲ့ကြကာ ဖျော်ဖြေရေးပွဲတွေနဲ့ အလုပ်များနေတဲ့ မက်ခ်အန်ထော်နီနဲ့ အနုပညာလှုပ်ရှားမှုအစီအစဉ်တွေများစွာရှိနေတဲ့ မာရီယာနာဒေါင်းနင်းတို့ဟာ တစ်ဦးနဲ့တစ်ဦးတွေ့ဆုံဖို့ရာ ခက်ခဲပေမယ့် အားလပ်ချိန်ရတိုင်း တွေ့ဆုံဖြစ်နေကြတယ် လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။
အေးပြည့်

No comments:

Post a Comment