
ဂျာမနီနှင့် အင်္ဂလန်အသင်းတို့ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဂျာမနီအသင်းရရှိသည့် တစ်လုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး ပိုဒေါစကီးက သွင်းယူခဲ့ပြီး လက်ရွေးစင်ကစားသမားဘဝကို အကောင်းဆုံးပုံစံဖြင့် နှုတ်ဆက်လိုက်ပြီဖြစ်သည်။ ပိုဒေါစကီးမှာ အဆိုပါပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အသက်(၃၁)နှစ်သာ ရှိသေးသော်လည်း ဂျာမနီအသင်းအတွက် ပွဲ ၁၃ဝ ပြည့်မြောက်သည့် ပွဲစဉ်အပြီးမှာပင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူသွားခဲ့ခြင်းဖြစ်သည်။
ဂျာမနီအသင်းသည် အင်္ဂလန်အသင်းကို ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးဖန်တီးမှု အပိုင်းတွင် အသာရအောင်မကစားနိုင်ခဲ့သော်လည်း ပွဲချိန်၆၉မိနစ်တွင် သွင်းယူခဲ့သည့် ပိုဒေါစကီး၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်က မိမိ၏ သွင်းဂိုးမှာ ကောင်းမွန်ပြည့်စုံလွန်းသည့် ရင်သပ်ရှုမောဖွယ်ကောင်းသည့် သွင်းဂိုးဟု ချီးကျူးစကားဆိုခဲ့ကြောင်း ပိုဒေါစကီး က ပွဲအပြီးတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပိုဒေါစကီးမှာ ၂ဝ၁ဝ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အင်္ဂလန်အသင်းဘက်ကို ဂိုးသွင်းယူခဲ့သလို ယခုတစ်ကြိမ်တွင်လည်း အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။
''ဒါက ကောင်းမွန်တဲ့ ရုပ်ရှင်တစ်ကားလိုပါပဲ။ ကျွန်တော်ဟာ ဘုရားသခင်က လက်ဆောင်ပေးထားတဲ့ ဘယ်ခြေထောက်ပိုင်ရှင် ကစားသမားတစ်ဦးဖြစ်တယ်ဆိုတာ သိပါတယ်။ ဒီ ၁၃ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့ရတဲ့ ကိစ္စရပ်အားလုံးအတွက် ကျွန်တော့်ကိုယ်ကျွန်တော် အမြဲတမ်းဂုဏ်ယူနေမိမှာဖြစ်ပါတယ်'' ဟု ပိုဒေါစကီးက နှုတ်ဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပိုဒေါစကီးမှာ ဂျာမနီအတွက် သွင်းဂိုး ၄၉ ဂိုးအထိ သွင်းယူပေးထားပြီး ဂျာမနီအသင်း၏ သမိုင်းတွင် တတိယအများဆုံး သွင်းဂိုးရှင်လည်း ဖြစ်သည်။ အဆိုပါ ပွဲစဉ်တစ်လျှောက်လုံးတွင် ဂီတသံများ၊ အလံများ၊ ဂျာမနီအသင်း၏ ထင်ရှားသော အမှတ်အသားများဖြင့် ပိုဒေါစကီးကို ဂုဏ်ပြုပေးခဲ့ကြသည်။ ဂျာမနီနည်းပြ ဂျိုအာချင်လိုက ပိုဒေါစကီး၏ စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးခဲ့ကြသလို ဂျာမနီလက်ရွေးစင်အသင်းကစားဖော်များကလည်း တွစ်တာစာမျက်နှာများပေါ်တွင် ပိုဒေါစကီးကို နှုတ်ခွန်း ဆက်စာသားရေးသားကာ ဂုဏ်ပြုခဲ့ကြသည်။
No comments:
Post a Comment