
မန္တလေး မတ် ၂၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိစစ်သည်မိသားစုများ၏ လှူဒါန်းငွေကျပ်သိန်း ပေါင်း ၁၈၇ဝ ကျော်ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့သည့် မန္တလေးမြို့ နန်းတွင်းအတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင် ခင်းကျင်းခြင်းပြီးစီး၍ (၇၂) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၄ ရက် နံနက် ၉ နာရီက အဆိုပါပြတိုက် ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက အမှာစကားပြောကြားပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်ကတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိစစ်သည်များ၊ ဧည့်ပရိသတ်များက မြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက်အတွင်း အဆင့်မြှင့်တင် ခင်းကျင်းပြသထားမှုများအား လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြနန်းစံကျော်ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက် အဆင့်မြှင့်တင်ခင်းကျင်းခြင်း ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့် တပ်ဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်)
No comments:
Post a Comment