Friday, March 24, 2017

၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း တိုင်းဒေသကြီးလွှတ်တော်တွင် တင်သွင်း



Image may contain: 1 person, sitting, crowd, table, outdoor and indoor
ရန်ကုန် မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး၏ ၂ဝ၁၇ ခုနှစ် ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းကို တိုင်းဒေသကြီးလွှတ်တော်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ယနေ့တင်သွင်းလိုက်သည်။
၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်းကို မတ် ၂၃ ရက်က ကျင်းပ သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့)အစီ အစဉ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက တင်သွင်းခဲ့ခြင်း ဖြစ်သည်။
''၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းကို ဘယ်လိုအကောင်အထည် ဖော်ခဲ့လဲဆိုတာကို ပထမဆုံးရှင်းပြချင်ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ရဲ့ မူလဘဏ္ဍာငွေလျာထားချက်ကို ၃၃၆ ဘီလီယံလျာထားခဲ့ပါတယ်။ အဲဒီမှာ ပြန်ပြီးတော့ စက်တင်ဘာ၊ အောက်တိုဘာလမှ ဖြည့်စွက်အသုံးပြုခွင့်ရခဲ့တာက ၁၆၈ ဘီလီယံဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ အစိုးရအဖွဲ့ကို ပြည်ထောင်စု အစိုးရကနေ သီးသန့် ပံ့ပိုးငွေ တစ်ဘီလီယံ ရရှိခဲ့တဲ့အတွက် စုစုပေါင်း ၁၆၉ ဘီလီယံ ထပ်ရရှိခဲ့တဲ့အတွက် ၃၃၆ ဘီလီယံ အပေါင်း ၁၆၉ ဘီလီယံဖြစ်တဲ့အတွက် ၅ဝ၅ ဘီလီယံရရှိခဲ့ပါတယ်။ တိုင်းဒေသကြီးရဲ့ ပိုလျှံငွေကိုလည်း ပြန်ပြီးတော့ ဥပဒေနဲ့အညီ အပ်ခဲ့ပြီးဖြစ်ပါတယ်။ ထပ်မံတိုးရတဲ့ငွေထဲမှာ ထူးခြားတာကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အများပြည်သူပို့ဆောင်ရေး အသုံးပြုဖို့အတွက် မော်တော်ယာဉ်တွေ ဝယ်ယူဖို့ ဘီလီယံ ၇ဝ ကိုလည်း လျာထားသတ်မှတ်ထားပါတယ်။ ဒါကိုလည်း အမြန်ဆုံး ဘတ်ဂျက်နှစ်မကုန်ခင်မှာ အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။ ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့၊ မြို့ပြအိမ်ရာဆောင်ရွက်ဖို့ကို ၆၄ ဘီလီယံ ရှိပါတယ်။ လယ်ယာမြေဖော်ထုတ်ဖို့ ခုနစ်ဘီလီယံရှိပါတယ်။ ဒီအပိုင်းကို ထူးခြားမှုအနေနဲ့ ၅ဝ၅ ဘီလီယံထဲက ဆောင်ရွက်ဖို့ဖြစ်ပါတယ်။ မဆောင်ရွက်နိုင်ခဲ့တဲ့ ၄၁ ဘီလီယံကို ပြန်လည်အပ်နှံခဲ့ရတဲ့အတွက် ၄၆၄ ဘီလီယံ ကိုပဲ သုံးစွဲနိုင်ခဲ့ တဲ့အနေအထားရှိပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်ရဲ့ ထူးခြားချက်ကလည်း လုပ်ငန်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ တချို့ဟာတွေ ဖြည့်စွက်ခွင့်ပြု ငွေဟာ ဒီဇင်ဘာလမှစပြီး တချို့လုပ်ငန်းတွေစရတဲ့အတွက် တချို့လုပ်ငန်းတွေဟာ မပြီးပြတ်ခဲ့ပါဘူး။ မတ်လစာရင်း ပိတ်ပင်ပိတ်ငြားသော်လည်း ထပ်ပြီးတော့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီ ဇွန် ၂၄ ရက်အထိ တိုးမြှင့်လုပ်သွားနိုင်တယ်ဆိုတာကို တင်ပြလိုပါတယ်။ စာရင်းဇယားအသေးစိတ်ကို ကိုယ်စားလှယ်ကြီးတွေကို ကြိုတင်ပေးထားပြီးဖြစ်ပါတယ်''ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းဖတ်ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်၍ ၎င်းက ဆက်လက်တင်သွင်းခဲ့သည်။ ၂ဝ၁၇ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ လျာထားချက်ကို ၄၂၄ ဒသမ ၂၈ ဘီလီယံလျာထားပြီးရငွေနှင့် သုံးငွေကို Balance Budget အဖြစ် ရေးဆွဲထားမှုအား တင်ပြခဲ့သည်။
''၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်းလျာထားချက်ကို ပြည်ထောင်စုထောက်ပံ့ငွေက ၄၁ ဒသမ ၆၉ ဘီလီယံကျော်ခွဲဝေပေးပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရဲ့ သာမန်ရငွေမှ ခွဲဝေတဲ့ အခွန်ဝေစုက ၁၂၁ ဒသမ ၆ဝ ဘီလီယံရရှိပါတယ်။ အဲဒါကိုလည်း တိုင်းဒေသကြီးရဲ့ သာမန်ရငွေမှာ ထည့်သွင်းထားပြီးဖြစ်ပါတယ်။ အဖွဲ့အစည်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထဲမှာ ၂၅ ဖွဲ့ရှိပြီး အခု ထပ်ပြီး ဗဟိုစာရင်းအင်းအဖွဲ့ တိုးလာတဲ့အတွက် ၂၆ ဖွဲ့ ဖြစ်လာပါတယ်။ အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရဲ့ ငွေလုံးငွေရင်း လျာထားချက်ပါ ထည့်သွင်းရေးဆွဲထားခဲ့တဲ့အတွက် တိုင်းဒေသကြီးရဲ့ ၂ဝ၁၆- ၂ဝ၁၇ ဘဏ္ဍာရေးနှစ်မှာ စုစုပေါင်းရငွေကလည်း ခန့်မှန်းထားတာက ၄၂၄ ဒသမ ၂၈ ဘီလီယံအရဖြစ်ပါတယ်။ အသုံးကလည်း ဘက်ညီ ဘတ်ဂျက်ရေးဆွဲထားခြင်းဖြစ်တဲ့အတွက် အသုံးကလည်း ၄၂၄ ဒသမ ၂၈ ဘီလီယံဖြစ်ပါတယ်။ ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာရေးနှစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ရသုံးမှန်းခြေ ငွေစာရင်းနဲ့ ၂ဝ၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းကို မတ် ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစည်းအဝေးအမှတ်စဉ်(၁ဝ/၂ဝ၁၇)ဆုံးဖြတ်ချက်အရ သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီနောက်မှာ မတ် ၁၇ ရက်က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာလည်း တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာငွေ ထောက်ပံ့ငွေတွေ ပါဝင်တဲ့ ၂ဝ၁၇ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကိုလည်း ပြည်ထောင်စုက အတည်ပြုပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာအတည်ပြုဖို့ တင်သွင်းခြင်းဖြစ်ပါတယ်''ဟု ၎င်းက ဥပဒေကြမ်းတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းကို လာမည့်မတ် ၂၈ ရက်(အင်္ဂါနေ့) ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (တတိယနေ့)အစီအစဉ်တွင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။
(ဝဝ၁)၊ ဓာတ်ပုံ- စောသိန်းဝင်း

No comments:

Post a Comment