
ရန်ကုန် မတ် ၂၆
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးကျင်းပသည့် ရိုးရာကျားတို့ အားပြိုင်ကြသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။
ယနေ့ ယှဉ်ပြိုင်သော ရိုးရာလက်ဝှေ့ ငါးချီအထူး စိန်ခေါ်ပွဲ ပထမပွဲစဉ်ဖြစ်သည့် ကျော်စွာဝင်း(United) နှင့် လင်းထက်အောင်(တောင်ကလေး)တို့တွဲဆိုင်း အချီပြည့် ယှဉ်ပြိုင်သော်လည်း ပူးတွဲသရေဖြစ်ခဲ့သည်။ ဒေါင်းဖြူ (Adventure)နှင့် ကျော်ဝင်းအောင် (အဖြူရောင်သွေးသစ်) တို့ပွဲစဉ်တွင် အမှတ်စဉ် တစ်ကြိမ်နှင့်တစ်ကြိမ် အနား တောင်းခဲ့ရသည့် ကျော်ဝင်းအောင်မှာ စတုတ္ထအချီတွင်ပင် ဒေါင်းဖြူ၏ အားပါသောညာဒူးတိုက်ချက် နံစောင်းထိလဲ ကျပြီး ပြန်မထနိုင်တော့သဖြင့် ဒေါင်းဖြူအလဲထိုးအနိုင် ရခဲ့သည်။
ရာဇာ(ရွှေမိုးထိငြိမ်းချမ်းရေး)နှင့် သက်ဆိုးပေ (United)တို့ ပွဲစဉ် တတိယအချီမှာပင် ရာဇာ၏ ပါဝါပြင်းသော ဘယ်ဝိုက်လက်သီးက သက်ဆိုးပေ မေးရိုးထိလဲကျပြီး အနားတောင်းလိုက်ရသည်။ စတုတ္ထအချီတွင် ရာဇာ၏ ဘယ်ညာလက်သီးများက သက်ဆိုးပေ မေးရိုးကို အဆက် မပြတ်ထိကာလဲကျပြီး ရာဇာက ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့သည်။
မိုက်ရိုင်း(ရွှေဖူး) နှင့်နက္ခအောင်(တောင်ကလေး)တို့ တွဲဆိုင်း ပထမအချီတွင် မိုက်ရိုင်းက လျှပ်တစ်ပြက် ဝင်တိုက်သည်။ အလွတ်ပြန်ရှောင်သည်။ နက္ခအောင်က ပူးသတ်ရန်ကြိုးစားသည်။ တတိယအချီတွင် နက္ခအောင် ကို ပွဲသိမ်းရန်ကြိုးစားမှုက မိုက်ရိုင်းအတွက် အရာမထင်ခဲ့ပေ။ သို့သော် အမှတ်စဉ် နှစ်ကြိမ်နှင့် တစ်ကြိမ်အနားတောင်းခဲ့ရသည် နက္ခအောင်ကို စတုတ္ထအချီမှာပင် မိုက်ရိုင်းက အလဲထိုးဖြင့်ပွဲသိမ်း နိုင်ခဲ့သည်။
ထွန်းနိုင်ဦး (STL) နှင့် မင်းထက်အောင်(တောင်ကလေး) တို့ တွဲဆိုင်း ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ခဲ့သော်လည်း ပူးတွဲသရေဖြစ်ခဲ့သည်။ စိုးထက်ဦး (STL) နှင့် မင်းမောင်မောင်(တောင်ကလေး)၊ ရဲသွေးနီ(တောင် ကလေး)နှင့် ထွန်းလွင်မိုး(နဂါးမာန်)၊ သားအသဲတစ်ပွင့်(ဗမာ့သွေး)နှင့် စောမင်းအောင်(တောင်ကလေး)တို့ ပွဲစဉ်များ ပွဲချီပြည့်ယှဉ်ပြိုင်ခဲ့ကြသော် လည်း အရှုံးအနိုင်မပေါ်ဘဲ ပူးတွဲသရေဖြစ်ခဲ့သည်။
ရွှေခါးပတ်ချန်ပီယံ သွေးသစ်ဝင်းလှိုင်(Adventure) နှင့် ပြည်နယ်နှင့် တိုင်းရွှေတံဆိပ်ဆုရှင် ရွှေရာမာန် (Mandalay 1886) တွဲဆိုင်း ဒုတိယအချီမှာ ပင် သွေးသစ်ဝင်းလှိုင်၏ ပါဝါပြည့်ညာခြေကန်ချက်က ရွှေရာမာန်၏ မေးရိုးကို အရှိန်ပြင်းပြင်းထိပြီး လဲကျကာ အမှတ်စဉ်ရေတွက်ခံလိုက်ရသည်။ ပွဲစဉ် တစ်လျှောက်လုံး အမှတ်စဉ် နှစ်ကြိမ်ရေတွက်ခံရပြီး တစ်ကြိမ်အနားတောင်း ခဲ့ရသည့် ရွှေရာမာန်ကို သွေးသစ်ဝင်းလှိုင် အသာစီးသရေထိုးသတ်နိုင်ခဲ့သည်။
ယနေ့ကျင်းပသောပွဲစဉ်များအနက် ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး နောက်ဆုံးပွဲစဉ် စိုးလင်းဦး(ဒို့ရိုးရာ)နှင့် ဖျံသွေး(ရွှေမိုးထိငြိမ်းချမ်းရေး)တို့ ပွဲစဉ်ပထမအချီပွဲအစ ဟန်ရေးပြင်နေသဖြင့် ကြိုးဝိုင်းဒိုင်က နှစ်ကြိမ်တိုင်တိုင် သတိပေးရသည်။ တတိယအချီရောက်မှသာ ပွဲက ပိုကြည့်ကောင်းလာသည်။ စိုးလင်းဦး လက်သီး အသိမ်းအနုတ် သေသပ်သည်။ဖျံသွေးဘယ်ညာဝိုက် လက်သီး၊ ဖြောင့်လက်သီးများက ပါဝါပြင်းသော်လည်း ချက်ကောင်းမထိ ဖြစ်နေသည်။ ပြိုင်ဘက်နှစ်ဦးကို နောက်ဆုံးအချီထိ ရေကုန်ရေခန်း ယှဉ်ပြိုင် ထိုးသတ်ခဲ့သော်လည်း အရှုံးအနိုင် မပေါ်ဘဲ ပူးတွဲသရေဖြစ်ခဲ့သည်။
ယနေ့ ကျင်းပသော လက်ဝှေ့စိန်ခေါ်ပွဲများမှာ သရေပွဲအများစုဖြစ်ခဲ့သော်လည်း အချို့တွဲဆိုင်းများမှာ ပရိသတ်အကြိုက် ပွဲစဉ်များဖြစ်ခဲ့သည်။
ယနေ့ ယှဉ်ပြိုင်သော ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကျပ် ၅ဝဝဝ တန် အမှတ်တရအင်္ကျီဝယ်ယူရုံဖြင့် လက်ဝှေ့ဝါသနာရှင်များ ဝင်ကြေးအခမဲ့ဖြင့်ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့သည်။
သတင်း-အောင်ကျော်ဦး
No comments:
Post a Comment