Monday, March 27, 2017

အာဆင်နယ်အသင်းသို့ ပြန်လာရန် အသင့်ဖြစ်နေပြီဖြစ်တဲ့ ဂျက်ဝီရှိုင်းယား

Image may contain: 1 person, outdoor


လာမယ့်နွေမှာ အာဆင်နယ်ကနေ မီဆပ်အိုဇေးလ်ထွက်ခွာဖို့သေချာသလောက်ရှိနေတာကြောင့် ဝီရှိုင်းယားရဲ့ အာဆင်နယ်အပြန်ခရီးလည်း ပိုမိုနီးကပ်လာပြီလို့ သတ်မှတ်ရတော့မှာဖြစ်ပါတယ်။ အာဆင်နယ်ကနေ ဘုန်းမောက်အသင်းကို အငှားနဲ့ ထွက်ကစားနေတဲ့ ဂျက်ဝီရှိုင်းယားက သူဟာအခုထိအာဆင်နယ်အသင်းအတွက် အကောင်းဆုံးကစားပေးနိုင်ဆဲဖြစ်တယ်ဆိုတာကို ဘုန်းမောက်အသင်းမှာ ပြသတဲ့ခြေစွမ်းနဲ့ သက်သေခံနိုင်ခဲ့သူပါ။
သူဟာ အသက်(၉)နှစ်အရွယ်ကတည်းက အာဆင်နယ်အသင်းနဲ့ ပူးပေါင်းခဲ့သူဖြစ်ပြီး အာဆင်နယ်အသင်းကြီးအတွက် အသက်(၁၆)နှစ်၂၅၆ ရက်အရွယ်မှာ စတင် ဝင်ရောက်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။ သူဟာ ကွင်းလယ်ပိုင်းကို လွှမ်းမိုးကစားနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်တယ်ဆိုတာသေချာပေမယ့် ခြေချင်းဝတ်ရိုးကျိုး၊ခြေထောက်အရိုးကျိုးနဲ့ ခြေချင်းဝတ်အရွတ်ကြော စုတ်ပြဲဒဏ်ရာတွေကြောင့် မကြာခဏကာလကြာရှည် အနားယူနေရသူဖြစ်ပါတယ်။ သူဟာ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ကြုံတွေ့လာရမှုအပြင် အိုဇေးလ်ကို ကလပ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာကြောင့်လည်း အာဆင်နယ်အသင်းကြီးအတွက် ဝင်ရောက်ကစားခွင့်ရတဲ့ ခြောက်နှစ်တာကာလ အတွင်းမှာလည်း တစ်နှစ်ခွဲကာလလောက်သာ ပုံမှန်ပွဲထွက်နိုင်ခဲ့တဲ့ အခြေအနေ ကြုံတွေ့ခဲ့ရပါတယ်။
ဒဏ်ရာပြဿနာ ကြုံတွေ့ရတဲ့ ကာလအတွင်း အာဆင်နယ်က သူ့ကိုရောင်းချတော့မယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် သူကတော့ အာဆင်နယ်ဟာ သူ့ဘဝရဲ့တစ်ခုတည်းသော ကလပ်အသင်းဖြစ်တာကြောင့် ကလပ်အသင်းက သူ့ကိုမရောင်းချဖို့ မျှော်လင့်ကြောင်း လူသိရှင်ကြားပြောကြားခဲ့ဖူးသူဖြစ်ပါတယ်။ ဒါပေမယ့်စိစစ်မကောင်းစွာနဲ့ပဲ အာဆင်နယ်ကွင်းလယ်နေရာတစ်နေရာအတွက် နေရာရရှိဖို့ မသေချာတော့တာကြောင့် ပြီးခဲ့တဲ့သြဂုတ်လမှာ ဘုန်းမောက်အသင်းကို ထွက်ပြီး အငှားနဲ့ ကစားခဲ့ရပါတယ်။ ဘုန်းမောက်မှာ ကစားနေတဲ့ကာလအတွင်း အပြောင်မြောက်ဆုံး မဟုတ်ရင်တောင် သူပါရင်ကွင်းလယ်ပိုင်း သက်ရောက်မှု ရှိတယ်ဆိုတာကို သက်သေပြသနိုင်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အာဆင်နယ်ရဲ့ စူပါစတား အိုဇေးလ်က တံကောက်ကြောဒဏ်ရာ၊ ဖျားနာနေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ယခုနှစ်ဘောလုံးရာသီ ပွဲစဉ်တွေမှာ ဝင်ရောက်ကစားဖို့ မကြာခဏပျက်ကွက်နေတာကြောင့် အိုဇေးလ် လာမယ့်နွေအာဆင်နယ်ကနေ မထွက်ခွာရင်တောင် ဝီရှိုင်းယားကိုတော့ ဝင်းဂါးသေချာပေါက် ပြန်ခေါ်ပါလိမ့်မယ်။ အိုဇေးလ်က သက်တမ်းတိုးစာချုပ် ချုပ်ဆိုဖို့ ငြင်းဆန်နေတဲ့ အချိန်ကာဇိုလာကလည်း ဒဏ်ရာပြဿနာနဲ့ ကာလရှည် အနားယူနေရတာကြောင့် ဒီတစ်ကြိမ်တော့ ဝီရှိုင်းယားဘက်ကို ကံတရားက မျက်နှာသာပေးနေတယ်လို့ ဆိုရလေမလား။ ဒါပေမယ့် အိုဇေးလ်ကလည်း မကြာသေးခင်ကပဲ သူဟာလန်ဒန်မြို့မှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့တာကြောင့် အာဆင်နယ်အသင်းနဲ့ သက်တမ်းတိုးစာချုပ် ထပ်တိုးချုပ်ဆိုဦးမလားဆိုတဲ့ မျှော်လင့် ချက်တွေလည်း ရှင်သန်နေပါတယ်။ လက်ရှိ ဝင်းဂါးအဓိက ကျင့်သုံးနေတဲ့ ၄-၂-၃-၁ဗျူဟာကို ဝီရှိုင်းယားအကောင်းဆုံး အံဝင်အောင် ကစားနိုင်တယ်ဆိုတာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ သက်သေပြခဲ့ပြီးဖြစ်ပါတယ်။
ဝင်းဂါးကတော့ ဝီရှိုင်းယားကို ဘုန်းမောက်မှာ အငှားချထားတဲ့ ကာလအတွင်း ဒီကစားသမားကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အမြန်ဆုံးပြင်ဆင်မယ်လို့ ပြောကြားခဲ့ပေမယ့် တကယ်တမ်းကျ လာရောက်ဆွေးနွေးမှုမရှိဘူးလို့ သိရပါတယ်။ ဒါကြောင့် ဝင်းဂါးရဲ့ ဝီရှိုင်းယားအပေါ် တန်ဖိုးထားမှုအပေါ် မေးခွန်းထုတ်စရာ ကောင်းပေမယ့် အာဆင်နယ်ရဲ့ လက်ရှိကွင်းလယ်အင်အားမှာတော့ ဝီရှိုင်းယား လိုအပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။ ချိန်ဘာလိန်၊ အိုဇေးလ်၊ ဆန်းချက်ဇ်၊ ဆက်ဇနီနဲ့ ကီရန်ဂစ်ဘ်စ်တို့ အနာဂတ် မတည်မငြိမ်ဖြစ်နေတာကြောင့် အာဆင်နယ်ဟာ လက်ကျန်ကစားသမားအင်အားကိုတော့ ဆက်ထိန်းဖို့တော့ ကြိုးစားမှာပါ။
ဒါ့အပြင် ဝီရှိုင်းယားရဲ့ ကျောနံပါတ်(၁ဝ)ကို အိုဇေးလ်က ဝတ်ဆင်ခွင့်ရဖို့ တောင်းဆိုတဲ့အချိန် ဝင်းဂါးက မသိကျိုးကျွန်ပြုနေခဲ့ပြီး ဝီရှိုင်းယားဟာ အာဆင်နယ်ရဲ့ အစိတ်အပိုင်းအဖြစ်ဆက်ရှိနေဆဲ ကစားသမားဖြစ်တယ်လို့ တုံ့ပြန်ခဲ့သလို အာဆင်နယ်အသင်းရလဒ်ဆိုးတွေ ကြုံတွေ့ချိန်မှာ ဝင်းဂါးက သူ့အနေနဲ့ ဝီရှိုင်းယားကို အငှားချကစားခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းမှုတစ်ခုဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့တာကြောင့် ဝီရှိုင်းယားရဲ့ အာဆင်နယ်အပြန်ခရီးဟာ တစ်နေ့ထက်တစ်နေ့ပိုမိုနီးစပ်လာပြီလို့ သေချာတဲ့ ကိစ္စတစ်ရပ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
မေလဲ့သင်း-စုစည်းသည်

No comments:

Post a Comment